ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ရီဗယ်ဒိုကတော့ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ပါးမီးယပ်စ်ဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာ ဥရောပ ချန်ပီယံ ချယ်လ်ဆီးကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

တောင်အမေရိကတိုက် ချန်ပီယံ ပါးမီးယပ်စ်နဲ့ ဥရောပတိုက် ချန်ပီယံ ချယ်လ်ဆီးတို့ဟာ ယနေ့ည ၁၁နာရီ အချိန်မှာ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။

Photo Credit: Daily Mail

ချယ်လ်ဆီးနဲ့ ပါးမီးယပ်စ်တို့ဟာ ယခု ယှဉ်ပြိုင် ကစားနေတဲ့ ကမ္ဘာ့ကလပ်ဖလားကို ရရှိဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေကြတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ရေပန်းစားနေတဲ့ အတိုင်းပဲ သူတို့နှစ်သင်းဟာ ဗိုလ်လုပွဲမှာ လာရောက် တွေ့ဆုံနေကြပါတယ်။

ဘရာဇီးလ် ထိပ်သီးကလပ် ပါးမီးယပ်စ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အာဖရိကတိုက် ချန်ပီယံ အယ်အာလီကို ၂-၀ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်ရောက် လာခဲ့တာ ဖြစ်ပြီး ဥရောပတိုက် ချန်ပီယံ ချယ်လ်ဆီးကလည်း ဆီမီးဖိုင်နယ်အဆင့်မှာ ဆော်ဒီ အာရေးဗျ ထိပ်သီးကလပ် အယ်ဟီလယ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ပါးမီးယပ်စ်တို့ ထိပ်တိုက် တွေ့ဆုံနေစဉ်မှာတော့ နည်းပြအင်အား ၊ ကစားသမား အင်အား ပိုမို သာလွန်တဲ့ ချယ်လ်ဆီးက ပါးမီးယပ်စ်ကို သက်တောင့်သက်သာ အနိုင်ရသွားလိမ့်မယ်လို့ ဘောလုံး ပရိသတ်တွေက ယူဆထားကြပေမယ့် ပါးမီးယပ်စ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရီဗယ်ဒိုကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ချယ်လ်ဆီးကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ရီဗယ်ဒိုက – “ချယ်လ်ဆီးက ကမ္ဘာ့ကလပ်ဖလားကို ရရှိဖို့ အတွက် ရေပန်းစားနေပေမယ့် အယ်-ဟီလယ်ကို ၁-၀နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တဖက်အသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရသလို ဒုတိယပိုင်းမှာ ဆိုရင်လည်း ကြီးမားတဲ့ ဂိုးသွင်းခွင့်တွေကို ခွင့်ပြုခဲ့ရပါတယ်။ ချယ်လ်ဆီးက ထိပ်တန်းအသင်း တသင်း ဖြစ်သလို သူတို့ရဲ့ ပထမဦးဆုံး ကမ္ဘာ့ကလပ်ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရတဲ့ ၂၀၁၂ခုနှစ်မှာ ကိုရင်သီယန်ကို ရှုံးနိမ့်ခဲ့ဖူးလို့ ဒီတကြိမ်မှာ သူတို့က ဒီဖလားကို ရအောင် အစွမ်းကုန် ကြိုးစားမယ် ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ပါးမီးယပ်စ်က လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ချယ်လ်ဆီးကို အသာစီး ရသွားနိုင်ပါတယ်။ ပြီးတော့ ပါးမီးယပ်စ်မှာ ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်နိုင်တဲ့ ခြေစွမ်းမျိုး ရှိတယ်လို့လည်း ကျွန်တော်က ယူဆထားပါတယ်။ ဘွတ်ကီဒိုင်တွေရဲ့ အမြင်မှာ ဒီပွဲအတွက် ချယ်လ်ဆီးက ရေပန်းစားနေပေမယ့် ကျွန်တော်ကတော့ ဒီပွဲမှာ နှစ်သင်းစလုံးက တူညီတဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ထားတယ်လို့ပဲ မြင်ပါတယ်။ နှစ်သင်းစလုံးက မိနစ် ၉၀ အတွင်းမှာပဲ ဆုဖလားကို အပိုင်သိမ်းဖို့ ကြိုးစားမှာ ဖြစ်သလို နှစ်သင်းစလုံးကလည်း ထိပ်သီးအသင်းတွေပါ။ ကျွန်တော်ကတော့ ပါးမီးယပ်စ်ဟာ ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ ဖြစ်ဖို့ အတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ပဲ သုံးသပ်ချင်ပါတယ်” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။