ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး ရီဗယ်ဒို ကတော့ ဘာစီလိုနာအသင်းကနေ လာမယ့် ဘောလုံးရာသီ အကုန်မှာ ထွက်ခွာတော့မယ် လို့ ရေပန်းစားနေတဲ့ လီယွန်နယ် မက်ဆီဟာ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းထံ ရောက်ရှိကာ သူ့ရဲ့ အစဉ်အလာပြိုင်ဘက် စီရိုနယ်ဒိုနဲ့အတူ တွဲဖက် ကစားနိုင်ချေ ရှိတယ်လို့ ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စပိန် ရေဒီယိုလိုင်းတစ်ခု ဖြစ်တဲ့ Cadena SERရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ဘာစီလိုနာ အသင်းမှာ ဘယ်လို ပြဿနာပဲ ဖြစ်ဖြစ် သူ့ရဲ့ နာမည် တပ်ခံရမှုကို အတော်လေး စိတ်ပျက် နေကြောင်းနဲ့ လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သာ သက်တမ်းပြည့်သွားပါက အသင်းကနေ ထွက်ခွာဖို့အထိ စဉ်းစားနေတယ်လို့ သိရပါတယ်။

Photo Credit: Daily Star

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၂၁ ခုနှစ် ဇွန်လအထိသာ စာချုပ်သက်တမ်း ရှိနေတာ ဖြစ်ပြီး ဘာစီလိုနာအသင်း ဘက်က ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကိုသာ လက်မခံပါက လာမယ့် ရာသီအကုန်မှာ မက်ဆီဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာသွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အနေအထားကို လေ့လာနေတဲ့ ဥရောပ ထိပ်သီးအသင်းကြီး များစွာ ရှိသလို မက်ဆီကိုသာ ခေါ်ယူခွင့်ရမယ်ဆိုပါက အပြိုင်အဆိုင် ကမ်းလှမ်းကြမှာပါ။ ရီဗယ်ဒို ကတော့ မက်ဆီကို ခေါ်ယူနိုင်မယ့်အသင်းတွေ အဖြစ် ဆရာဟောင်း ဂွာဒီယိုလာရှိတ​ဲ့ မန်စီးတီး အသင်းနဲ့ အစဉ်အလာပြိုင်ဘက် ရိုနယ်ဒိုရှိရာ ဂျူဗင်တပ်အသင်းတို့ကို ရွေးချယ်ပေးခဲ့ပါတယ်။

Photo Credit: Daily Star

ဒါ့အပြင် မက်ဆီနဲ့ရိုနယ်ဒို အတွဲအဖက်ဟာ ဘောလုံးလောက တစ်ခုလုံးကို တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်တဲ့ အတွဲအဖက် ဖြစ်သလို စီးပွားရေးအရလည်း အကျိုးအမြတ် အများကြီး ရမှာ ဖြစ်တာကြောင့် ထိပ်သီးအေးဂျင့်တွေက မက်ဆီတစ်ယောက် ဂျူဗင်တပ်အသင်းထံ ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားပေးဖို့ အသင့်ရှိနေကြောင်း ရီဗယ်ဒိုက ဆိုသွားခဲ့ပါတယ်။ ရီဗယ်ဒိုက ” အခုချိန်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ တချို့ အေးဂျင့်တွေဟာ မက်ဆီနဲ့ရိုနယ်ဒိုအတွဲကို ဂျူဗင်တပ်မှာ မြင်ရဖို့ အလိုရှိနေပါတယ်။ ဒါက ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့ အရာတစ်ခုပါ။ တကယ်လို့ အဲ့ဒီအတိုင်းသာ ဖြစ်လာခဲ့ရင် ဒါက ဘောလုံးလောက တစ်ခုလုံးကို လှုပ်ခါသွားစေမှာပါ။ ပြီးတော့ ဂျူဗင်တပ် အသင်းဟာလည်း စီးပွားရေးအရ ကြည့်ရင် မက်ဆီကို ခေါ်ယူဖို့ သူတို့သုံးလိုက်ရတဲ့ ငွေကို ခဏလေးနဲ့ ပြန်ရှာနိုင်မှာပါ။ ပြီးတော​့ သမိုင်းကြောင်းအရ ကြည့်ရင် မက်ဆီတစ်ယောက် ဂျူဗင်တပ်အသင်းဆီ ရောက်လာမှာကို အလိုရှိနေတဲ့ ဂျူဗင်တပ်အသင်းရဲ့ စပွန်ဆာတွေလည်း ရှိပါတယ်။ ဒီတော့ သူတို့က မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဂျူဗင်တပ်ကို ငွေကြေးအရ အကူအညီ ပေးလာနိုင်ပါတယ်။ မက်ဆီ သာ ဘာစီလိုနာအသင်းကနေ ထွက်တော့မယ် လို့ သတင်းထွက်လာတာနဲ့ သူ့ကို ခေါ်ယူဖို့ အသင်းတိုင်းက ကြိုးစားကြမှာပါ။ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာ အကောင်းဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ ကစားသမားနှစ်ယောက် အတူတူ တွဲကစားကြမယ်ဆိုရင် ဒါက အရမ်းကြီးကို ထူးခြားနေမှာပါ ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။