စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ရီဗယ်ဒို ကတော့ လက်ရှိ ဘောလုံးရာသီဟာ လီယွန်နယ် မက်ဆီရဲ့ ဘာစီလိုနာ ကစားသမား ဘဝ နောက်ဆုံး ဘောလုံးရာသီ ဖြစ်ဖို့ အလားအလာ ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ ဘရာဇီးလ် အသင်းနဲ့ ဘာစီလိုနာ အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ရီဗယ်ဒိုဟာ ဘာစီလိုနာ အသင်းနဲ့ အတူ လာလီဂါဖလား ၂ကြိမ် ၊ ကိုပါဒယ်ရေး ၁ကြိမ် ၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ကြိမ်တို့ကို ရယူနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာသာ ဘာစီလိုနာ အသင်းအနေနဲ့ ချန်ပီယံလိဂ် ဖလားကို ရအောင် မယူနိုင်ခဲ့ပါက မက်ဆီဟာ ရာသီကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာ ဖြစ်ကြောင်း ရီဗယ်ဒိုက ဆိုသွားပါတယ်။

Photo Credit: Marca

အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်အထိ ရယူနိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိရာသီဟာ မက်ဆီနဲ့ ဘာစီလိုနာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ နောက်ဆုံးနှစ်လည်း ဖြစ်ပါတယ်။ မက်ဆီဟာ အဖက်ဖက် ကနေ ယိုယွင်းလာတဲ့ ဘာစီလိုနာ အသင်းရဲ့ အခြေအနေကို စိတ်ပျက်နေခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့ပေမယ့် အသင်းဘက် ကတော့ မက်ဆီကို ထွက်ခွာခွင့် မပြုခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ မက်ဆီဟာ ယခု ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာမယ် လို့ သုံးသပ်မှုတွေ ရှိနေပြီး ရီဗယ်ဒိုကလည်း အဆိုပါ သုံးသပ်မှုတွေ နည်းတူ ဒီရာသီဟာ မက်ဆီရဲ့ ဘာစီလိုနာ ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Marca

မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရီဗယ်ဒိုက “ဘာစီလိုနာက အခုချိန်မှာ လစာငွေ လျှော့ချဖို့ ကစားသမားတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ် နေပါတယ်။ သူတို့က တစ်သင်းလုံးကို လစာလျှော့ချင်နေတဲ့ ပုံစံပါပဲ။ ဒါ့ကြောင့် လစာလျှော့ယူရတာက ကစားသမားတွေ အတွက် အသစ်အဆန်း ပြဿနာ တစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းတဲ့ နေရာမှာ အတော်လေး ခက်ခဲ သွားနိုင်တဲ့ အရာတစ်ခုပါ။ မက်ဆီ ဒီမှာ ဆက်ရှိနေဖို့ သူတို့ဟာ လစာတိုးပေးဖို့ လိုအပ် လာပါလိမ့်မယ်။ မက်ဆီက ဘာစီလိုနာ အသင်း ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှုထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေ ရရှိမှာက အသေအချာပါပဲ။ ပြီးတော့ သူက အသင်းကနေ ထွက်ခွာဖို့လည်း ကြိုးစားခဲ့ပြီးပြီလေ။ ကျွန်တော်တို့ရဲ့ ဘုတ်အဖွဲ့က မက်ဆီကို အသင်းမှာ ဆက်ရှိနေအောင် ကြိုးစားနိုင်မယ့် အနေအထားကို ကျွန်တော် မမြင်မိပါဘူး။ ဒီရာသီဟာ မက်ဆီရဲ့ ဘာစီလိုနာ ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်ဖို့ ရှိနေပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။