ဘာစီလိုနာအသင်းရဲ့ တိုက်စစ် ကစားသမားဟောင်း ရီဗာဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို မတက်လှမ်းဘူး ဆိုရင် လက်ရှိ အသင်းရဲ့ နည်းပြကို အပြောင်းအလဲ ပြုလုပ်နိုင်တယ်လို့ Marca သတင်းမှာ အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ နာပိုလီအသင်းနဲ့ ကစားခဲ့စဉ်က တစ်ဖက် တစ်ဂိုးစီနဲ့ (၁-၁) သရေကျခဲ့တာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ညမှာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီရဲ့ လက်ထက်မှာ ရလဒ်ဆိုးတွေသာ ရရှိခဲ့တာကြောင့် နည်းပြ ဗယ်ဗာဒီကို အသင်းရဲ့ နည်းပြ အဖြစ်က ထုတ်ပယ်ခဲ့ပြီး လက်ရှိ နည်းပြ ဆက်တီယန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၃) ရက်နေ့က အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ (၁၉၉၇) ခုနှစ်ကနေ (၂၀၀၂) ခုနှစ်အထိ ကစားခဲ့စဉ်က သွင်းဂိုးပေါင်း (၁၃၀) ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ရီဗာဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ နောက်တစ်ဆင့် မတက်ဘူးဆိုရင် နည်းပြ ပြောင်းလဲနိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Marca

ရီဗာဒိုဟာ Marca သတင်းမှာ လက်ရှိ ဘာစီလိုနာ နည်းပြ ဆက်တီယန်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လို မြင်ပါသလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ရာသီဝက်မှာ အသင်းရဲ့ နည်းပြ အနေနဲ့ ရောက်လာတာက ခက်ခဲမှာ ဖြစ်ပါတယ်။ နည်းပြ ဗယ်ဗာဒီရဲ့ အသင်းကနေ ထွက်ခွာမှုကလည်း အသင်းအတွက် ခက်ခဲမှာ ဖြစ်ပါတယ်။ ဒီဟာက နည်းပြအတွက်လည်း လွယ်ကူမှာ မဟုတ်ဘူး။ ဘာစီလိုနာအသင်းက သူတို့ ဘောလုံး ကစားနေကျ ပုံစံအတိုင်း ဆက်မကစားနိုင်ခဲ့ကြတော့ဘူး။ တကယ်လို့ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို မတက်ဘူး ဆိုရင် သူတို့ရဲ့ နည်းပြကို အပြောင်းအလဲ ပြုလုပ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။