ဘာစီလိုနာအသင်းကတော့ ဆွာရက် ဒမ်ဘီလီတို့ ဒဏ်ရာတွေနဲ့ အသီးသီးရင်ဆိုင်နေရတာမို့ လာလီဂါကနေ သတ်မှတ်ထားတဲ့ အပြောင်းအရွှေ့ပေါ်လစီအသစ်ကို အသုံးချခဲ့ပြီး လီဟာနက်စ်အသင်းရဲ့ ဒိန်းမတ်တိုက်စစ်မှူး မာတင်ဘရေ့ဝိတ်ကို စာချုပ်လျော်ကြေးဖြစ်တဲ့ ယူရို၁၈သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒီလူခေါ်မှုက ဝေဖန်စရာဖြစ်ခဲ့သလို ဘာစီလိုနာပရိသတ်တော်တော်များများကလည်း သဘောကျခြင်းမရှိကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေးသားဖော်ပြနေကြပြီး ဘာစီလိုနာအသင်းရဲဲ့ ရီဗယ်ဒိုကိုယ်တိုင်ကပါ ဒီလူခေါ်ယူမှုအပေါ် နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AS English

အသက်၂၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်တိုက်စစ်ကစားသမား ဘရေ့ဝိတ်က ဒီနှစ်ဘောလုံးရာသီကမှ အင်္ဂလန်ချန်ပီယံရှစ်ကလပ် မစ်သယ်ဘရော့အသင်းကနေ လီဟာနက်စ်ဆီ ရောက်ရှိလာခဲ့သူဖြစ်ပြီး မမျှော်လင့်ပဲနဲ့ တန်းဆင်းဇုန်အတွင်းရောက်နေတဲ့ အသင်းဆီကနေ ဘာစီလိုနာလို ကမ္ဘာ့ထိပ်တန်းအသင်းကြီးဆီကို ရောက်ရှိလာခဲ့ရတာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာစီလိုနာဂန္တဝင်ကစားသမားဟောင်းကြီး ရီဗယ်ဒိုက “အရိုးသားဆုံးပြောရရင်တော့ ဒီခေါ်ယူမှုနဲ့ပတ်သက်လို့ စိတ်တိုင်းမကျမိဘူး။ နားကိုမလည်ပါဘူး။ ဘာစီလိုနာအသင်းအနေနဲ့ ဒီလို လူခေါ်ယူခဲ့တာထက်စာရင် လာမာစီယာထွက် လူငယ်ကစားသမားတွေကိုပဲ နေရာပေးသင့်တာ”

Photo Credit : Marca

“အသင်းက လက်ရှိအချိန်မှာ တိုးတတ်မှုတွေကို စတင်ပြသနေပါပြီ။ ဒီလို အခြေအနေမှာ တိုက်စစ်မှူးအသစ်တစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသင့်တဲ့ အနေအထားဖြစ်နေတယ်လို့ မထင်မိပါဘူး။ ဒီကစားသမားသစ်ကိုတော့ ကျွန်တော်လေးစားပါတယ်။ အခု သူက ဘာစီလိုနာကစားသမား ဖြစ်နေပြီလေ။ လူငယ်ကစားသမားလေးတွေကို ပိုပြီးနေရာပေးသင့်တာတော့ အမှန်ပဲ။ နောက်ပြီး တန်းဆင်းဇုန်အတွင်းရောက်နေတဲ့ အသင်းဆီကနေ ကစားသမားတစ်ယောက်ကို ခေါ်ယူခဲ့တာကလည်း အဲ့ဒီအသင်းအတွက် ဒုက္ခရောက်သွားစေနိုင်ပါတယ်” လို့ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ အလားတူပဲ လီဟာနက်စ်အသင်းရဲ့ အထွေထွေဒါရိုက်တာဖြစ်သူကလည်း ဘရေ့ဝိတ်ကို ဘာစီလိုနာအသင်းဘက်ကနေ ခေါ်ယူသွားတဲ့ လုပ်ရက်အပေါ်မှာ ဝေဖန်လာခဲ့ပြီး ဒီလိုအပြောင်းအရွှေ့စည်းမျဉ်းဆိုတာက သူတို့လို အသင်းငယ်လေးအတွက် ထိခိုက်နစ်နာစေခဲ့ကာ မျှတမှုမရှိဘူးလို့ ထောက်ပြသွားခဲ့ပါတယ်။