ဘာစီလိုနာအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်းကြီး ရီဗယ်ဒိုကတော့ လက်ရှိ ဘောလုံးရာသီမှာ တောက်ပလာတဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် စတဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော် ဘရာဇီးလ် တိုက်စစ်မှူး ဖြစ်တဲ့ ရိုနယ်ဒိုလို ကစားသမားမျိုး ဖြစ်လာမယ့် ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။ အသက် ၁၉နှစ်အရွယ်သာ ရှိသေးတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းကို မရောက်ရှိမီကတည်းက ဥရောပထိပ်သီးအသင်းတွေရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး လက်ရှိဘောလုံးရာသီမှာ သွင်းဂိုး စုစုပေါင်း ၄၁ဂိုးအထိ သွင်းယူထားနိုင်သူပါ။

Photo Credit: Tribuna.com

ဟာလန်းဟာ ဒေါ့မွန်အသင်းထံကို မရောက်ရှိမီ ဩစတီးယားကလပ် ဆဲလ်ဘက်အသင်းမှာ ကစားခဲ့သူဖြစ်ပြီး ဆဲလ်ဘက်အသင်းအတွက် အမှတ်ပေးပွဲစဉ် ၁၄ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ ၁၆ဂိုးသွင်းယူခဲ့ပြီး ၆ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလဲ ၈ပွဲ ကစားခဲ့ရာမှာ ၁၀ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁ဂိုး ဖန်တီးပေးထားနိုင်သူပါ​။ ဒါ့ကြောင့်လည်း ရီဗယ်ဒိုက ဟာလန်းရဲ့ ခြေစွမ်းတွေကို သဘောကျနေခဲ့ပြီး စပိန်ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် မျက်စိကျနေတယ်လို့ ထင်ကြောင်းနဲ့ ဟာလန်းဟာလည်း တစ်နေ့မှာ လာလီဂါပြိုင်ပွဲဆီ သွားရောက် ကစားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Photo Credit: Tribuna.com

ဟာလန်းရဲ့ ခြေစွမ်းတွေကို သဘောကျမိတဲ့ အကြောင်းကို ရီဗယ်ဒိုက ” သူက အခုဆိုရင် ထိပ်တန်းကစားသမား ဖြစ်နေပါပြီ။ ဒါပေမယ့် သူက ၁၉နှစ်ပဲ ရှိပါသေးတယ်။ အနာဂတ်မှာ ဒီထက်ပိုပြီး တိုးတက်လာမယ့် ကစားသမားပဲ ဖြစ်ပါတယ်။ သူ့မှာ အရည်အသွေးကောင်းတွေ ရှိနေပါတယ်။ သူဟာ ကြောက်စိတ်ကင်းမဲ့သလို မြက်ခင်းပြင်ပေါ်မှာလည်း အရမ်းကို တည်ငြိမ် ပါတယ်။ ဒါပေမယ့် သူဟာ သင်ယူစရာတွေ အများကြီး ရှိနေပါသေးတယ်။ တချို့လူတွေက သူ့ကို ရိုနယ်ဒို နာဇာရီယိုနဲ့ နှိုင်းယှဉ်မှုတွေ လုပ်ကြပါတယ်။ ပြီးတော့ ဟာလန်းမှာလည်း ရိုနယ်ဒိုနဲ့ ဆင်တူတဲ့ အချက်တွေ ရှိပါတယ်​။ သူဟာ ကြောက်စိတ်ကင်းတယ်။ မြန်တယ်။ ပြီးတော့ သွင်းဂိုးတွေ အများကြီးကိုလည်း သွင်းယူ နိုင်တယ်။ ဒါပေမယ့် အခုချိန်မှာ သူဟာ ရိုနယ်ဒို ရဲ့ ခြေရာကို နင်းနိုင်မလားဆိုတာ တွေးတောဖို့ အရမ်းကို စောလွန်းပါသေးတယ်။ ရိုနယ်ဒိုဟာ ကမ္ဘာ့ဖလားကို နှစ်ကြိမ်တိတိ ရယူထားနိုင်တဲ့သူပါ။ ဒါ့ကြောင့် ဟာလန်းဟာ ရိုနယ်ဒိုလိုမျိုး အဆင့်အတန်းဆီ ရောက်လာမလားဆိုတာကို အချိန်ပေး စောင့်ကြည့်သွားရမှာပါ။ ဒါပေမယ့် ဟာလန်းကို ကြည့်ရတာတော့ ရိုနယ်ဒိုရဲ့ ခြေရာကို နင်းနိုင်မယ့် အလားအလာတွေ ရှိနေပါတယ် ” လို့ ပြောပြသွားခဲ့ပါတယ်။