ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရီဗယ်ဒိုကတော့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးဟာ ပီအက်စ်ဂျီနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်သူ တဦး ဖြစ်သလို ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦးလည်း ဖြစ်ပေမယ့် ပီအက်စ်ဂျီ အားကစားဒါရိုက်တာ အသစ် ကန်ပို့စ်ရဲ့ သဘောမကျမှုကို ခံနေရသူ ဖြစ်တာကြောင့် မကြာခင်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာရမယ်လို့ သတင်းကြီးနေသူပါ။

Photo Credit: Mirror

ဒါပေမယ့် နေမာက ယခု နွေဈေးကွက် အတွင်းမှာပဲ သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ အလိုအလျောက် စာချုပ်သက်တမ်း တိုးမယ့် အချက်အလက်ကို အသက်သွင်းလိုက်တာကြောင့် သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိနေခဲ့ပါတယ်။

ဒါကြောင့်ပဲ နေမာကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင် အထိ သုံးစွဲရဖို့ ရှိနေပြီး ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရီဗယ်ဒိုကတော့ နေမာဟာ လက်ရှိအချိန် အထိ ထိပ်တန်း တိုက်စစ်မှူး တဦး အဖြစ် ရှိနေသေးတာကြောင့် ချယ်လ်ဆီးအပါအဝင် ဥရောပ အသင်းကြီးတွေ အနေနဲ့ နေမာကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Mirror

ရီဗယ်ဒိုက – “ပီအက်စ်ဂျီက နေမာကို အခု နွေဈေးကွက်ထဲမှာပဲ ရောင်းချချင်နေတယ် ဆိုတဲ့ သတင်းတွေက ကောလဟာလ အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နေမာဟာ ပီအက်စ်ဂျီကနေ ထွက်ခွာရမယ် ဆိုရင်တောင် ပျော်ပျော်ကြီး ထွက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချယ်လ်ဆီးအပါအဝင် ဥရောပ နာမည်ကြီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြလို့ပါ။ နေမာက အခုချိန်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦး ဖြစ်နေသလို သူက အသင်းကနေ ထွက်ခွာရမယ် ဆိုရင်တောင် ဝမ်းနည်းမယ့် လူစားမျိုး မဟုတ်ပါဘူး။ သူက ပီအက်စ်ဂျီ ကနေ ထွက်ခွာပြီး ကမ္ဘာ့ထိပ်တန်း အသင်းတွေဆီ ပြောင်းရွှေ့ကာ ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ ကြိုးစားနိုင်ပါသေးတယ်။ နေမာက အသက် ၃၀ အရွယ်ပဲ ရှိသေးတာကြောင့် ဥရောပရဲ့ အမြင့်ဆုံး အဆင့်အတန်း တခုမှာ အချိန်အကြာကြီး ကစားနိုင်ပါသေးတယ်။ ဒါကြောင့် သူ့ကို ခေါ်ယူတဲ့ အသင်းကလည်း အကျိုးမယုတ်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။