စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး တစ်ဦး ဖြစ်သူ ရီဗယ်ဒို ကတော့ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ လက်ရှိ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ပတ်သတ်ပြီး ကြီးမားတဲ့ အမှားအယွင်း တစ်ခုကို ပြုလုပ်ခဲ့တယ် လို့ ယုံကြည်နေပါတယ်။ အသက် ၃၃နှစ် အရွယ် ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ၅လကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး အသင်းနဲ့ အနာဂတ် မရေရာတော့သလို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကတည်းက အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ ဘာစီလိုနာ အသင်းထံ တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Goal

မက်ဆီဟာ အသင်းရဲ့ ဥက္ကဌဟောင်း ဖြစ်သူ ဘာတိုမြူရဲ့ လက်အောက်မှာ တစ်စထက်တစ်စ ဆိုးရွားလာတဲ့ အသင်းရဲ့ အခြေအနေကြောင့် အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့မှာ မက်ဆီကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဂျီ အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့က ကြိုးစားခဲ့ကြသလို မက်ဆီအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းခန့် ကိုလည်း ပေးချေဖို့ အဆင်သင့် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ ကတော့ မက်ဆီရဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုမှုကို ပယ်ချခဲ့သလို သူတို့ဟာ စာချုပ်ပါ အချက်အလက် အတိုင်း မက်ဆီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ကာ မက်ဆီကို ခေါ်ယူချင်ပါက ယူရို ၆၀၀သန်း ပေးချေရမယ် လို့ တုံ့ပြန်ခဲ့ပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ဘာစီလိုနာ အသင်းဟာ မက်ဆီကို ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် အနေအထား တစ်ရပ်မှာ ရှိနေပြီး ရီဗယ်ဒို ကတော့ ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းက ရိုနယ်ဒိုကို ဂျူဗင်တပ် အသင်းထံ ထုတ်ရောင်းခဲ့တဲ့ ဖြစ်ရပ်ကို နမူနာ ယူပြီး မက်ဆီကို ရောင်းချခဲ့သင့်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ရီဗယ်ဒိုက “ အသင်းရဲ့ ဘုတ်အဖွဲ့ဟောင်းဟာ မက်ဆီမှာ စာချုပ်သက်တမ်း ကျန်နေတုန်း မရောင်းချခဲ့တာက အမှားကြီး တစ်ခုကို ကျူးလွန်ခဲ့တာပါပဲ။ သူတို့ဟာ ရီးရဲလ်မက်ဒရစ် အသင်းက ရိုနယ်ဒိုကို ယူရို ၁၀၀သန်းနဲ့ ထုတ်ရောင်းခဲ့သလို အလားတူ ဖြစ်ရပ်မျိုးကို လုပ်ခဲ့သင့်ပါတယ်။ အခုတော့ မက်ဆီက အသင်းကနေ ထွက်ခွာတော့မှာပါ။ အသင်းက ဘဏ္ဏာရေး ပြဿနာတွေနဲ့ ရင်ဆိုင် နေရတဲ့ အချိန်မှာ အခုလို ပါရမီရှိတဲ့ ကစားသမား တစ်ဦးက အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာ သွားတော့မယ့် အခြေအနေကို မြင်ရတာက တကယ်ကို နာကျင်ရပါတယ်” ဆိုပြီး ပြောကြား သွားတာပါ။