AS သတင်းကတော့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်း အဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ အသင်းဖော်တွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ AS သတင်းက ရော်နယ်ဒိုဟာ လိုင်ယွန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မိနစ် (၉၀) မပြည့်မချင်း အနိုင်ရနိုင်သေးတယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ပြစ်ဒဏ်ဘောတွေ၊ ပင်နယ်တီတွေ ရရှိနိုင်အောင် တစ်ကိုယ်တည်း ကြိုးစားခဲ့ပေမဲ့ အသင်းဖော်တွေက သူ့ကို မကူညီဘဲ စွန့်ပစ်ခဲ့ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: AS

ဂျုဗင်တပ်အသင်းဟာ မနေ့ညက ပွဲကစားချိန် (၃၁) မိနစ်မှာ တိုဆတ်စ်ရဲ့ သွင်းဂိုး ခွင့်ပြုခဲ့ရတာကြောင့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်သွင်းနိုင်တဲ့ အခွင့်အရေး ရရှိခဲ့ပေမဲ့ မသွင်းနိုင်ဘဲ (၁-ဝ) ရလဒ်နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ အက်သလက်တီကို အသင်းကို (၃) ဂိုး သွင်းပြီး နောက်တစ်ဆင့် ခေါ်သွားသလို ပြန်လုပ်ပြဖို့ မျှော်လင့်နေမှာ သေချာပါတယ်ယ။

Photo Credit: AS

AS သတင်းက “ရော်နယ်ဒိုက အသင်းဖော်တွေရဲ့ စွန့်ပစ်ခြင်းကို ခံရပြီ။ သူ့အနေနဲ့ကတော့ တစ်ဦးတည်း ကြိုးစားခဲ့တယ်။ ပြစ်ဒဏ်ဘော တစ်ချို့ ရအောင် ကြိုးစားခဲ့တယ်။ ပင်နယ်တီရလုနီးပါးတောင် ဖြစ်ခဲ့ပါတယ်။ သူဟာ အသင်းဖော်တွေ အားလုံး အရှုံးပေးပြီးမှ နောက်ဆုံး အရှုံးပေးခဲ့ပြီး ပထမဆုံး အကြိမ်အနေနဲ့ သူ စိတ်ပျက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလို သူ အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းခဲ့သလို တူရင်းမှာ ကစားမယ့် ပွဲစဉ်မှာ အမြန်ပြင်နိုင်မလား ဆိုတာ သူ အပေါ်မှာပဲ မူတည်ပါတယ်”လို့ ဖော်ပြသွားခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ လာမယ့် မတ်လ (၁၈) ရက်နေ့ ကစားမယ့် ပွဲစဉ်မှာ ဂျုဗင်တပ်အသင်းကို ပြန်ကယ်မလား စောင့်ကြည့်ရမှာပါ။