ဒီနေ့မှာတော့ စပိန်လာလီဂါပြိုင်ပွဲရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်တစ်ပွင့် အစီအစဉ်အတွက် လူငယ်ကစားသမားတစ်ယောက်ကို ရွေးချယ်ထားခဲ့ပြီး သူကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥရုဂွေးကွင်းလယ်ကစားသမား ဖရက်ဒရစ်ကိုဗယ်ဗာဒီပဲဖြစ်ပါတယ်။ အသက်အရွှယ် ငယ်ရွှယ်သေးပေမယ့် ရီးရဲလ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ နေရာရရှိထားသူဖြစ်တဲဲ့ ဗယ်ဗာဒီရဲ့စိတ်ဝင်စားစရာအကြောင်းတွေကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Spain La Liga

လက်ရှိမှာ အသက်(၂၁)နှစ်ပဲရှိသေးတဲ့ ဗယ်ဗာဒီဟာ ၁၉၉၈ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူရဲ့ဘောလုံးသမားဘဝကိုတော့ ဥရုဂွေးကလပ် ပင်နဲလ်ရိုးကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပင်နဲလ်ရိုးလူငယ်အသင်းမှာ ပါဝင်ကစားခဲ့ရင်းကနေ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာတော့ ပင်နဲလ်ရိုးစီနီယာအသင်းနဲ့ ပူးပေါင်းခွင့်ရခဲ့ပြီး ဥရုဂွေးလူငယ်အသင်းမှာပါ ရွေးချယ်ခံလာရတဲ့ ဗယ်ဗာဒီကို ဥရောပကလပ်အသင်းတွေကပါ သတိထားလာမိပါတော့တယ်။ ၂၀၁၆ခုနှစ် ဇူလိုင်လမှာတော့ ဗယ်ဗာဒီဟာ သူ့ကိုစိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ရွေးချယ်ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Spain La Liga

ဗယ်ဗာဒီဟာ သူရဲ့အသက်အရွှယ် ငယ်ရွှယ်သေးပြီး အတွေ့အကြုံနည်းပါးနေသေးတာကြောင့် ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ရီးရဲလ်လူငယ်အသင်းမှာပဲ ပွဲထွက်ကစားခဲ့ရပြီး ၂၀၁၇ခုနှစ်မှာတော့ ဒီဗို့တီပို့အသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အငှားသက်တမ်း ပြည့်သွားချိန်မှာတော့ ရီးရဲလ်ကို ပြန်လည်ရောက်ရှိလာခဲ့ကာ နည်းပြဇီဒန်းလက်အောက် အသင်းမှာ ပွဲထွက်ခွင့်တွေ ပိုင်ဆိုင်လာရပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၃၂)ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ရီးရဲလ်အသင်းအနေနဲ့လည်း ဗယ်ဗာဒီလို ကွင်းလယ်မှာ မောင်းနှင်အားကောင်းတဲ့ ကွင်းလယ်လူမျိုးကို ပိုင်ဆိုင်ထားလို့ ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာကို ခေါ်ယူဖို့တောင် စိတ်ဝင်စားမှု ကျဆင်းလာပြီိး ဗယ်ဗာဒီကိုပဲ အသင်းရဲ့ကွင်းလယ်မှာ ရေရှည်အသုံးပြုဖို့ ဆုံးဖြတ်လာခဲ့တဲ့အထိပါပဲ။ ဒီလို အရည်အသွေးမြင့် ကွင်းလယ်လူဟာ ဥရုဂွေးယူ-၂၀အသင်းနဲ့လည်း ၂၀၁၇ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲခဲ့ဖူးပြီး ပြိုင်ပွဲတလျှောက် ဒုတိယမြောက်အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဗယ်ဗာဒီက ဥရုဂွေးလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရပြီး အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွဲခဲ့ရပါသေးတယ်။