ယခု နွေဈေးကွက် အတွင်းမှာ လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာကနေ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်ဇီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ စပိန် ကွင်းလယ်လူ ရီကွီ ပွတ်ချ်ကတော့ သူဟာ ဘာစီလိုနာကနေ ထွက်ခွာရအောင် အတင်းအကျပ် ဖိအားပေးခံခဲ့ရကြောင်းနဲ့ ဘာစီလိုနာရဲ့ သူ့အပေါ် မလေးစားတဲ့ လုပ်ရပ်တွေကြောင့် ဝမ်းနည်းခဲ့ရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်ကွင်းလယ်လူ ပွတ်ချ်ဟာ ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်မှ စတင်ကာ ဘာစီလိုနာ အသင်းကြီးဆီ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် အသင်းအတွက် ပွဲထွက်ခွင့် များများစားစား မရခဲ့ပါဘူး။

Photo Credit: Standard

ရီကွီ ပွတ်ချ်ဟာ ခြေစွမ်းခြေစ ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားပုံမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဘာစီလိုနာနည်းပြ အဆက်ဆက်က သူ့ကို အရန် ကစားသမား အဖြစ်သာ သုံးစွဲခဲ့ကြပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကတော့ အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေတဲ့ ရီကွီ ပွတ်ချ်ကို ၂၀၂၂ခုနှစ်မှာပဲ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့လာရချိန်မှာတော့ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ရီကွီ ပွတ်ချ်ကို အသင်းကနေ ထွက်ခွာဖို့ ဖိအားပေး တောင်းဆိုခဲ့ပြီး အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လိုက်ပါ ကစားခွင့် ပိတ်ပင်မှုတွေ ၊ အသင်းရဲ့ စီနီယာအသင်းနဲ့ လေ့ကျင့်ခွင့် ပိတ်ပင်တာတွေကို လုပ်ခဲ့တာကြောင့် ရီကွီ ပွတ်ချ်အနေနဲ့ နောက်ဆုံးမှာ အသင်းကနေ ထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့ရပါတယ်။

Photo Credit: Standard

ရီကွီ ပွတ်ချ်က ဘာစီလိုနာကနေ ထွက်ခွာဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရမှု အပေါ် မပျော်မရွှင် ဖြစ်နေပြီး ဘာစီလိုနာက သူ့အပေါ်ကို လေးစားမှု ကင်းမဲ့ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီကွီ ပွတ်ချ်က – “ကျွန်တော့်အတွက် ဘာစီလိုနာ ကစားသမား ဘဝ နောက်ဆုံးလဟာ အတော်လေးကို ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ ဘာစီလိုနာလို အသင်းမျိုးက အသင်းကနေ ထွက်ခွာစေချင်တဲ့ ကစားသမားတွေကို ရာသီကြို ခြေစမ်းပွဲတောင် မလိုက်ခိုင်းတဲ့ အဖြစ်အပျက်မျိုးကို တခါမှ မမြင်ဖူးခဲ့ပါဘူး။ ကျွန်တော်က အသင်းရဲ့ အခြေအနေကို နားလည်ပေမယ့် သူတို့က ကစားသမားတွေကို အသင်းကနေ ထွက်ခွာဖို့ အတင်းအကျပ် ဖိအားပေးခဲ့တာပါ။ ကစားသမားတွေ အသင်းကနေ ထွက်ခွာအောင် လုပ်လို့ ရတဲ့ တခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘာစီလိုနာကတော့ ကျွန်တော့်ကို တယောက်ထဲ လေ့ကျင့်ခိုင်း ဆင်းခိုင်းတာမျိုး အထိ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်လိုပဲ ဆက်ဆံခံရတဲ့ ကစားသမားက ၄ယောက် အထိ ရှိနေခဲ့တာပါ။ အသင်းမှာ ၇နှစ်ကြာအောင် နေခဲ့ပြီးချိန်မှာ ကျွန်တော့်ရဲ့ အသင်းဖော်တွေ အမေရိကန်မှာ ကစားနေတာကို အဝေးကနေ လှမ်းကြည့်နေရတာက ကျွန်တော့်ကို အတော်လေး နာကျင်စေပါတယ်” လို့ ဘာစီလိုနာရဲ့ လုပ်ရပ်တွေကို ဝေဖန်သွားခဲ့တာပါ။