အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ စပိန် ဘယ်တောင်ပံ ကစားသမားလေး ရိုဒရီဂို ရီကွယ်လ်မီက သူတို့အသင်းဟာ ဒီ weekend မှာ ဘာစီလိုနာအသင်းကို (၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အသက်လက်တီကိုအသင်းဟာ ဒီရာသီမှာ ကစားအားတွေ ပိုမို ကောင်းမွန်နေသလို လက်ရှိ လာလီဂါ အမှတ်ပေးဇယားမှာလည်း ရမှတ် (၃၁)မှတ်နဲ့ အဆင့်(၃)နေရာ ဘာစီလိုနာနဲ့အတူ ရပ်တည်လျက် ရှိနေပါတယ်။

Photo Credit : Goal

ဒီတစ်ပတ်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် အသက်လက်တီကိုအသင်းက လာလီဂါမှာ သူတို့နဲ့ ရမှတ်ချင်း တူညီနေတဲ့ ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီပွဲကလည်း ဒီတစ်ပတ် လာလီဂါရဲ့ အကောင်းဆုံး ပွဲစဉ်လည်း ဖြစ်လာပါလိမ့်မယ်။

လတ်တလောမှာတော့ ဘာစီလိုနာအသင်းက ဒဏ်ရာရ ကစားသမားတွေ များပြားနေမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုတွေ ရှိခဲ့ပေမယ့်လည်း ကြားရက်မှာ ပေါ်တိုကို နိုင်ထားလိုက်လို့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ နောက်တစ်ဆင့် တက်လှမ်းထားခဲ့ပြီး အသက်လက်တီကိုကလည်း နယ်သာလန်မြေမှာ ဖီယင်နုကို အနိုင်ယူကာ (၁၆)သင်းအဆင့်ဆီ တက်လှမ်းထားခဲ့ပါတယ်။

Photo Credit : Atletico Madrid

ဘာစီလိုနာအသင်းက ဒီရာသီ အိမ်ကွင်း ပွဲစဉ်တွေမှာ ရီးယဲလ်မက်ဒရစ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပေမယ့် အသက်လက်တီကိုအသင်း တောင်ပံကစားသမား ရီကွယ်လ်မီကတော့ ဘာစီလိုနာဟာ သူတို့အသင်းကိုပါ ဂိုးပြတ် ရှုံးလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

“ကျွန်တော်တို့အသင်းက ဘာစီလိုနာနဲ့ပွဲမှာ (၂)ဂိုး ဂိုးမရှိနဲ့ကို အနိုင်ရပါလိမ့်မယ်။ မိုရာတာ နဲ့ ဂရီးဇ်မန်းတို့က ဒီပွဲမှာ ဂိုးတွေ သွင်းယူပါမယ်။ ကျွန်တော်ကလည်း ဂိုးဖန်တီးမှု တစ်ကြိမ် လုပ်ဆောင်နိုင်ပါလိမ့်မယ်။” လို့ ရီကွယ်လ်မီက ခန့်မှန်းလိုက်ပါတယ်။