ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်ကတော့ ယမန်နေ့မှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေကို သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ပြင်သစ် လီဂူးဝမ်းရဲ့ ထိပ်သီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ နှစ်ကျော့ပေါင်းရလဒ် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Daily Star

ပီအက်စ်ဂျီက အမ်ဘာပေ ၊ နေမာ ၊ မက်ဆီ စတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် အသင်းလိုက် ကစားအား မရှိတာကြောင့် အခုလိုမျိုး ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်း ရှုံးထွက်အဆင့် ကနေ ၂နှစ်ဆက်တိုက် ထွက်ခွာခဲ့ရပြီးနောက် နေမာ ၊ အမ်ဘာပေ စတဲ့ ကြယ်ပွင့် တိုက်စစ်မှူးတွေက ပီအက်စ်ဂျီကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ရဲ့ ဂန္တဝင် ဗဟိုခံစစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရီယို ဖာဒီနန်က အမ်ဘာပေဟာ သူ့ရဲ့ ကစားသမား ဘဝ နောက်တဆင့် မြင့်တက်ရေး အတွက် အသင်းပြောင်းသင့်ကြောင်း ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အမ်ဘာပေ အတွက် အသင့်တော်ဆုံး အရာတွေ ဖြစ်ကြောင်း ပြောလာပါတယ်။

Photo Credit: Daily Star

ဖာဒီနန်က – “အခုချိန်မှာ ဝမ်းနည်းဖို့ အကောင်းဆုံး ကစားသမားကို ပြပါ ဆိုရင် အမ်ဘာပေကိုပဲ လက်ညှိုးထိုးပြရမယ် ထင်ပါတယ်။ ကျွန်တော်က အမ်ဘာပေ ကစားနေတာကို စောင့်ကြည့်ရတာ သဘောကျသူပါ။ ကျွန်တော်ကတော့ အမ်ဘာပေဟာ သူ့ရဲ့ ကစားသမား ဘဝကို နောက်တဆင့် မြှင့်ချင်တယ် ဆိုရင် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်တခုဆီ သွားသင့်တယ်လို့ပဲ ထင်ပါတယ်။ အမ်ဘာပေက ပီအက်စ်ဂျီ အတွက် အများကြီး ကြိုးစားပေးခဲ့သလို ပီအက်စ်ဂျီကလည်း အမ်ဘာပေ အတွက် အများကြီး အထောက်အပံ့ပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားကို ရထားတဲ့ အမ်ဘာပေက ချန်ပီယံလိဂ် ဆုဖလားကိုလည်း လိုချင်မှာပါပဲ။ ဒါပေမယ့် သူက ပီအက်စ်ဂျီမှာတော့ ချန်ပီယံလိဂ် ဆုဖလားကို မရနိုင်ပါဘူး။ အမ်ဘာပေက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာသင့်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကမ္ဘာပေါ်မှာ အကောင်းဆုံး ၊ ဖျော်ဖြေမှု အပေးနိုင်ဆုံး ၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ပါ။ ကျွန်တော်က သူ့ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မြင်ချင်ပါတယ်။ ဒါပေမယ့် မန်ယူ မဟုတ်တဲ့ တခြားအသင်းမှာတော့ မတွေ့ချင်ပါဘူး” လို့ အမ်ဘာပေကို မန်ယူဆီ ပြောင်းလာဖို့ အကြံပေးသွားခဲ့တာပါ။

ဒါ့အပြင် ဖာဒီနန်က ဟယ်ရီကိန်းနဲ့ အမ်ဘာပေ နှစ်ယောက်ထဲက တယောက်ကို မန်ချက်စတာ ယူနိုက်တက် အတွက် ရွေးပေးရမယ် ဆိုရင် အမ်ဘာပေကိုပဲ ရွေးမယ်လို့ ပြောသွားပါသေးတယ်။ ဖာဒီနန်က – “ကျွန်တော်က ကိန်းနဲ့ အမ်ဘာပေ ဆိုရင် အမ်ဘာပေကိုပဲ ရွေးမှာပါ။ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ တကယ်လို့ ဟယ်ရီကိန်းကို ဒီမေးခွန်း မေးလိုက်ရင်လည်း သူက အမ်ဘာပေကိုပဲ ဖြေလိမ့်မယ် ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။