မန့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝုလ်ဗ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ ဧည့်သည်ဝုလ်ဗ်အသင်းက ဝါရင့်ကွင်းလယ်ကစားသမားကြီး မော်တင်ဟိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ကို အနိုင်ရသွားခဲ့ပြီး နှစ်သစ်မှာ ယူနိုက်တက်အသင်းက ရှုံးပွဲတွေ့ခဲ့ရသလို နည်းပြရန်းနစ်မှာလည်း သူရဲ့ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ရှံးပွဲနဲ့ပါ ရင်ဆိုင်လိုက်ရပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ရော်နယ်လ်ဒို ဆန်ချို ဂရင်းဝုဒ်တို့ကို အသုံးပြုလာခဲ့ပြီး မားကပ်ရပ်ရှ်ဖိုဒ့်ကိုတော့ ဒုတိယပိုင်းမှသာ လူစားဝင် ကစားသမားအဖြစ်နဲ့ အသုံးပြုသွားခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့် ဝင်ရောက်လာချိန်မှာ အသင်းအတွက် အကျိုးသက်ရောက်မှု တစ်ခုခုကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့် ရပ်ရှ်ဖိုဒ့်ကိုယ်တိုင်လည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို သူရဲ့ Body Language ကလည်း ယူနိုက်တက် ပရိသတ်တွေ မမြင်ချင်တဲ့ ပုံစံမျိုး ဖြစ်နေတာဟာ ပြသာနာတစ်ခုလိုပဲလို့ ယူနိုက်တက် ကစားသမားဟောင်း ရီယိုဖာဒီနန်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဖာဒီနန်က “Body Language က ပြသာနာတစ်ခု ဖြစ်နေရတယ်။ ရပ်ရှ်ဖိုဒ့်က အရန်ခုံကနေ လူစားဝင် ကစားခွင့်ရလာတဲ့အခါ သူ့အနေနဲ့ အသင်းအတွက် တစ်စုံတစ်ခုကို လုပ်ပြနိုင်လိမ့်မယ်လို့ ခင်ဗျားတို့တွေ မျှော်လင့်ကြမှာပဲ။ တစ်ခါတစ်လေမှာ သူ ဘောလုံးဆုံးရှုံးတဲ့အခါ ဒီဘောလုံးဆုံးရှုံးမှုအပေါ် သူရဲ့တုံ့ပြန်မှု ပုံစံမျိုးက ခင်ဗျားတို့ ကျွန်တော်တို့တွေ မမြင်ချင်တဲ့ အရာဖြစ်နေတယ်။ ဒါက သူ ပွဲကစားခွင့်တွေ မရလို့ မပျော်ရွှင်နေဘူးဆိုတာကို ပြသနေတာမျိုး ဖြစ်နိုင်တယ်ဆိုပေမယ့်လည်း ကိုယ်က အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ မပါဝင်နိုင်တဲ့အချိန် ပြန်လည်ကစားခွင့်ရဖို့ သင်က ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတာကို နည်းပြသိလာအောင် သက်သေပြရမှာ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ အသက်ဂ(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ဟာ ပခုံးဒဏ်ရာကနေ ပြန်လည်သက်သာလာချိန် အသင်းအတွက် (၄)ပွဲမှာ (၃)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အဲ့ဒီနောက်ပိုင်းကတည်းက တစ်ပွဲမှကို ဂိုးမသွင်းနိုင်တော့သလို သူရဲ့အကောင်းဆုံးပုံစံပါ ပျောက်ဆုံးလို့နေပါတယ်။