မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ရီယိုဖာဒီနန်က ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနှစ်အသင်းသာ နှစ်ရာသီဆက်တိုက် ဆုဖလားပိုင်ဆိုင်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လို့နေပြီး ဒုတိယနေရာမှာ ရေပန်းစားနေတဲ့ အသင်းအဖြစ် ဘိုင်ယန်မတိုင်ခင် ပြီးခဲ့တဲ့တစ်နှစ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားခဲ့တဲ့ လီဗာပူးလ်အသင်းကို ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : The Sun

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၅)ပွဲအနိုင်ယူထားခဲ့ပြီး အသက်လက်တီကိုမက်ဒရစ်ကို စပိန်မြေမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာပဲ သရေကျခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ အုပ်စုပွဲစဉ်တွေအားလုံးမှာ သွင်းဂိုး(၁၈)ဂိုးအထိ သွင်းယူခဲ့ပြီး ဒီပမာဏဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အသင်းတွေအားလုံးအနက် အမြင့်ဆုံးသွင်းဂိုးပမာဏလည်း ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဘိုင်ယန်အနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဖာဒီနန်က သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

Photo Credit : The Sun

ရီယိုဖာဒီနန်က “ကျွန်တော်ကတော့ ဘိုင်ယန်ကိုပဲ ဒီနှစ်ရာသီရဲ့ ရေပန်းအစားဆုံးအသင်းနေရာမှာ ရွေးထားချင်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ကိုလည်း ဒုတိယနေရာက ရေပန်းစားနေမယ့် အသင်းအဖြစ်နဲ့လည်း ရွေးထားချင်ပါသေးတယ်။ တကယ့်ကို ထိပ်တန်းကလပ်အသင်းတွေအားလုံး နောက်တစ်ဆင့်မှာ တွေ့မြင်ရမှာကို အရမ်းသဘောကျပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခြေအနေကိုတော့ စိတ်ပျက်မိပါတယ်။ တခြားသော အင်္ဂလန်ကလပ်အသင်းတွေကတော့ ဒီပြိုင်ပွဲမှာ အလုပ်ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒီအသင်းတွေမှာ စစ်မှန်တဲ့ အရည်အသွေးကောင်းတွေ ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့အသင်းတွေရဲ့ မျှော်လင့်ချက်ကို ခြိမ်းခြောက်နိုင်မယ့် အသင်းတွေအဖြစ် ဘိုင်ယန်နဲ့ ပီအက်စ်ဂျီတို့ ရှိနေကြဦးမှာပါ။ တကယ်လို့ ဘိုင်ယန်ဘက်ကနေသာ ထိခိုက်ဒဏ်ရာပြသာနာတွေသာ မရှိခဲ့ဘူးဆိုရင် သူတို့ထပ်ပြီးတော့ကို အောင်မြင်နိုင်ဦးမှာပါ။ မနှစ်က ရရှိထားခဲ့ဖူးတဲ့ သူတို့အသင်းရဲ့ အတွေ့အကြုံကောင်းတွေ ပေါက်ကွဲမှုအားတွေကြောင့် အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဦးမှာပါ” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ဘိုင်ယန်ကတော့ လာမယ့်(၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အတွင်း ဘာစီလိုနာ ဆီဗီလာ အတ္တလန်တာ ပေါ်တို လာဇီယိုအသင်းတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိနေပြီး အခုအသင်းရဲ့အခြေအနေအရ ဘယ်အသင်းနဲ့ပဲဆုံဆုံ ကျော်ဖြတ်သွားနိုင်ဖွယ် ရှိနေပါတယ်။