MySport Myanmar

လီဗာပူးလ်တိုက်စစ်မှူး ဂျိုတာက မယုံနိုင်စရာကောင်းတဲ့ ကစားသမားလို့ ဖာဒီနန် ချီးကျူး

မနေ့ညက အန်ဖီးလ်ကွင်းမှာ ကျင်းပသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးလ်က (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးချန်ပီယံဆုအတွက် ဇယားထိပ်ဆုံးက မန်စီးတီးအသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဂျိုတာကိုတော့ အင်္ဂလန်နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က မယုံနိုင်စရာကောင်းတဲ့ ကစားသမားတစ်ဦးလို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit : The Guardian

အသက်(၂၅)နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုတာဟာ ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ဗွေဆော်ဦးဂိုးကို ပွဲကစားချိန် (၂၂)မိနစ်အတွင်း ဂျိုးဂိုးမက်ဇ်ရဲ့ ပေးပို့မှုကေနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးဟာလည်း ဒီရာသီ လီဗာပူးလ်အတွက် ဂျိုတာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုး(၂၀)ဂိုး ဖြစ်လာခဲ့ရပါတယ်။ ဂျိုတာဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၄)ဂိုးထိ သွင််းယူနိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတဲ့ အသင်းဖော် မိုဆာလာရဲ့နောက် ဒုတိယနေရာမှာ ရှိနေသလို ဒီရာသီ လီဗာပူးလ်အသင်းရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး ကစားသမားပါ ဖြစ်လို့နေပါတယ်။

Photo Credit : The Sun Daily

ဂျိုတာနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က “သူက ဒီရာသီ ပရီးမီးယားလိဂ်မှာ ခေါင်းတိုက်သွင်းဂိုး အများဆုံး သွင်းယူထားတဲ့ ကစားသမားပါ။ အဲ့ဒါ မယုံနိုင်စရာပဲ။ သူက အဲ့ဒီနေရာမှာ ခေါင်းတိုက်ဂိုး ရယူဖို့အတွက်ကို သတ္တိရှိနေခဲ့တယ်” လို့ ချီးမွမ်းသွားခဲ့ပြီး ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းကြီး ဇိုလာကလည်း ဂျိုတာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုံလုံးရဲ့ အထက်မြက်ဆုံးသော ကစားသမားတွေထဲက တစ်ယောက်လို့ပါ သတ်မှတ်သွားခဲ့ပါတယ်။ အရပ် (၅)ပေ(၁၀)လက်မသာရှိနေတဲ့ ဂျိုတာဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းကစားသမားတွေထဲက အရပ်ရှည်လှတဲ့ ကစားသမားမျိုး မဟုတ်ပေမယ့်လည်း သူရဲ့လိမ္မာပါးနပ်သော ရွှေ့လျားမှုနဲ့ ခေါင်းတိုက်တဲ့အခါ နေရာယူ တိကျမှုတို့ကြောင့် အရပ်မမြင့်ပေမယ့်လည်း ခေါင်းတိုက်ဂိုး အရေအတွက်က များလာရသလို ပြိုင်ဘက်ခံစစ်ကို လေထဲမှာ အန္တရာယ် ပိုပေးနိုင်တဲ့ ကစားသမားပါ ဖြစ်နေရပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ဂျိုတာဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၆၉)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုး(၃၃)ဂိုး သွင်းယူထားခဲ့သလို ဒီရာသီမှာလည်း သူရဲ့ ပွဲကစားခွင့်တွေက မနှစ်ကထက်ကို ပိုမို များပြားလာခဲ့ရပါတယ်။

Exit mobile version