လအတန်ကြာ အနားယူနေရာကနေ လက်ရှိမှာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက ယူနိုက်တက်အတွက် ကစားသမားသစ်တစ်ဦးလို ဖြစ်နေလိမ့်မယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က သုံးသပ် ပြောကြားသွားခဲ့ပါတယ်။
Photo Credit : Daily Mail
အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ သူရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ရုပ်ပိုင်းဆိုင်ရာသာမကပဲ စိတ်ပိုင်းဆိုင်ရာမှာပါ အဆင်မပြေမှုတွေ ကြုံတွေ့နေရတာကြောင့် တစ်ဦးတည်း သီးသန့် လေ့ကျင့်မှုတွေ လုပ်ဆောင်နေရကာ မကြာသေးခင်ကမှ အသင်းနဲ့ ပြန်လည် ပူးပေါင်းလာခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်နဲ့ နော်တင်ဟမ်တို့ရဲ့လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်မှာပဲ အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခွင့်ရလာခဲ့ပြီး အသင်းပရိသတ်တွေကလည်း ဆန်ချိုကို အသေအချာ အားပေး ကြိုဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
ဆန်ချိုနဲ့ ပတ်သတ်ပြီး ယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန်က “ဂျေဒန်ဆန်ချိုက ယူနိုက်တက်ရဲ့ ကစားသမားစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့တယ်။ တကယ်လို့ သူသာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် ကစားသမားသစ်တစ်ဦး ခေါ်ယူလိုက်တာနဲ့ပါ တူညီသွားရပါလိမ့်မယ်။ သူ့လို အရည်အသွေးရှိတဲ့ ကစားသမားမျိုး ပိုင်ဆိုင်ထားတဲ့အခါ သူသာ အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်မယ်ဆိုရင် သူက အသင်းတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်လိမ့်မယ်။ ခံစစ်ကစားသမားတွေအတွက်လည်း ပြသာနာတွေ ဖြစ်သွားစေနိုင်တယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ talent winger ဆန်ချိုဟာ ယူနိုက်တက်ကို ၂၀၂၁ခုနှစ်ကတည်းက ရောက်ရှိနေတာ ဖြစ်ပေမယ့်လည်း ဒေါ့မွန်မှာ ကစားခဲ့စဉ်တုန်းကလို ခြေစွမ်းမျိုးတွေ ယူနိုက်တက်မှာ မပြသသေးနိုင်ပဲ ရုန်းကန်နေခဲ့ရပြီး ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အဲရစ်တန်ဟက်ဂ်လက်အောက်မှာ မားကပ်စ်ရပ်ရှ်ဖို့ဒ်လို တောက်ပလာတဲ့ ကစားသမားတွေလည်း ရှိနေတာဖြစ်လို့ ဆန်ချိုပါ သူရဲ့အသင်းဖော် ရပ်ရှ်ဖို့ဒ်လို ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။