မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ သူ့ရဲ့ မန်ယူ အသင်းဖော်ဟောင်း အီဗရာက လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ရော်ဘတ်ဆန်ထက် ပိုကောင်းတယ်လို့ ပြောသွားပါတယ်။ နောက်ခံလူ ဖာဒီနန်ဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က နည်းပြ ဖာဂူဆန်ရဲ့ လက်အောက်မှာ နောက်ခံလူ အီဗရာနဲ့ အတူ (၈) နှစ်ခွဲကြာ တွဲဖက် ကစားခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ (၂၀၁၃) ခုနှစ်က နည်းပြ ဖာဂူဆန် အနားယူပြီးနောက် မန်ယူ နည်းပြသစ် ဒေးဗစ် မိုရက်စ်ရဲ့ လက်အောက်မှာလည်း (၁) ရာသီကြာ အတူတူ ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဖာဒီနန်ဟာ မန်ယူအသင်းမှာ အီဗရာနဲ့ အတူ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ဖလား (၅) ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား (၁) ကြိမ် ရရှိခဲ့တာကြောင့် ပြည်တွင်း နဲ့ ဥရောပမှာ အောင်မြင်ခဲ့ပါတယ်။ လီဗာပူးလ် နောက်ခံလူ ရော်ဘတ်ဆန်ဟာ (၂၀၁၇) ခုနှစ်မှာ ဟူးလ်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းကို ပေါင် (၈) သန်းနဲ့ ရောက်လာခဲ့စဉ်ကတည်းက ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်ဘတ်ဆန်ဟာ အီဗရာလို ချန်ပီယံလိဂ် ဖလား (၁) ကြိမ် ရရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ် ဖလား မရသေးတာကြောင့် ဖာဒီနန်ကတော့ အီဗရာ ပိုကောင်းတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

လှုမှုကွန်ရက် အင်စတာဂရမ်မှာ ပြုလုပ်ခဲ့တဲ့ တိုက်ရိုက် အမေးအဖြေမှာ ဖာဒီနန်က “ကျွန်တော် အီဗရာကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ သူက ပိုကောင်းတဲ့ ကစားသမားပါ။ သူက ပိုမြန်ဆန်သလို ပိုသန်မာပါတယ်။ ပင်နယ်တီ ဧရီယာအတွင်းမှာလည်း အီဗရာကသာ ပိုကောင်းပါတယ်။ သူက ကစားသမားတွေရဲ့ နောက်မှာ ကစားနိုင်ပါတယ်။ သူက ရော်ဘတ်ဆန်လို ဂိုးဖန်တီးမှုတွေကို အများကြီး မပြုလုပ်နိုင်ခဲ့ပေမဲ့လည်း သူ ဂိုး ပိုသွင်းခဲ့ပါတယ်။ နောက်ခံလူအချင်းချင်း တစ်ဦး နဲ့ တစ်ဦး ယှဉ်လိုက်မယ်ဆိုရင် သူက ပိုကောင်းပါတယ်။ ဒါပေမဲ့ ရော်ဘတ်ဆန်ကလည်း ထိပ်သီး ကစားသမားပါပဲ။ ကျွန်တော့်ကို နားလည်မှု မလွဲကြပါနဲ့”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။