မနေ့ညက ကျင်းပသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝက်ဘရွန်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ယူနိုက်တက်အသင်းက ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတည်းနဲ့ ကပ်အနိုင်ရခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးသော အိမ်ကွင်းနိုင်ပွဲကို စတင်ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ နိုင်ပွဲရဖို့အတွက် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီကန်ခွင့်ကို ကွင်းလယ်ဒိုင်ကနေ ပြန်လည်ပယ်ဖျက်ခဲ့့တာကြောင့်လည်း ကံကောင်းခဲ့ရပါတယ်။

Photo Credit : Metro

ဒီပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ်နဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဒေးဗစ်ကူတီရဲ့ ပွဲအတွင်း ဆုံးဖြတ်ချက်တွေကို ယူနိုက်တက်ကစားသမားဟောင်းများဖြစ်ကြတဲ့ ရီယိုဖာဒီနန်နဲ့ ပေါလ်စခိုး (လက်ရှိမှာ BT Sports ရုပ်သံလိုင်းမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွှက်နေ)တို့ကနေ ဝေဖန်စကားဆိုခဲ့ကြပြီး ဖာဒီနန်ကလည်း ဝက်ဘရွန်းအသင်းကို ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးပြီးမှ VAR ပြန်ကြည့်ပြီး ပြန်လည်ပယ်ဖျက်ခဲ့နဲ့ ကူတီရဲ့ဆုံးဖြတ်ချက်က အလွန်အမင်းကို စိတ်ပျက်စရာကောင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖာဒီနန်က “ဒါက စက်ဆုပ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ပဲ ကျွန်တော်ပြောချင်တယ်”

Photo Credit : Manchester Evening News

“သူရဲ့ပထမဆုံး ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်။ သူက အဲ့ဒီနေရာမှာ ရှိနေတာလေ။ ဒီဖြစ်ရပ်ကိုလည်း ထင်ထင်ရှားရှား မြင်နေရတာပဲ။ ဒီလို နီးနီးကပ်ကပ် မြင်ခဲ့ရလို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကိုမှ ပြန်လည်ပြင်ဆင်တယ်ဆိုတာကိုတော့ ငါနားမလည်နိုင်ဘူး။ ဝက်ဘရွန်းအသင်းအနေနဲ့ ဒီလိုပွဲစဉ်မျိုးမှာ အခွင့်အရေး အနည်းငယ်လောက်ပဲ ရတတ်တာ။ ဒီလို အခွင့်အရေးမျိုးကို ပိုင်ဆိုင်ခဲ့ပြန်တော့လည်း ပြန်လည်ပယ်ချခံခဲ့ရတယ်။ ဒါက လုံးဝကို မယုံနိုင်စရာပါပဲ။ သင်အနေနဲ့က ကစားသမားတွေရဲ့ဖြစ်ရပ်ကို သေချာမမြင်ခဲ့ရတာတို့ ဒါမှမဟုတ် သိပ်နားမလည်နိုင်တာတို့ ဖြစ်လာမှသာ VAR ကို ပြန်ကြည့်ကြတာပါ။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးမှ VAR ကို ပြန်ကြည့်တာက နားမလည်နိုင်စရာပါ။ ဝက်ဘရွန်းအတွက်တော့ အတော်လေးကို နစ်နာခဲ့ရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီလို ဝေဖန်ခံနေရတဲ့ ဒေးဗစ်ကူတီဟာ အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲအတွင်းမှာလည်း VAR ဒိုင်တစ်ယောက်အဖြစ်နဲ့ တာဝန်ယူ ဆောင်ရွှက်ခဲ့ပြီး အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်က လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ခြင်းအပေါ် သာမာန်ဖျက်ထုတ်မှုတစ်ခုသာ သတ်မှတ်ခဲ့လို့ လီဗာပူးလ်ပရိသတ်တွေများစွာရဲ့ ဝေဖန်ပြစ်တင်ခြင်းကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။