မန်ယူအသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဖာဒီနန် နဲ့ ဟားဂရေ့စ်တို့ဟာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ဘယ်အသင်းတွေ တက်သွားမလဲလို့ အမေးခံရတဲ့ အချိန်မှာ သူတို့နှစ်ယောက်စလုံးက ပီအက်စ်ဂျီအသင်း နဲ့ ဘိုင်ယန်အသင်းတို့ ဖြစ်တယ်လို့ BT Sports မှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းကို နှစ်ကျော့ပေါင်း (၇-၁) ရလဒ်နဲ့ အနိုင်ရရှိပြီး ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ လာလီဂါ ပြိုင်ပွဲက အသင်းကြီး ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

 

Photo Credit: Sportskeeda

ပီအက်စ်ဂျီအသင်းကတော့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပြိုင်ပွဲမှာ ဒေါ့မွန်အသင်းကို နှစ်ကျော့ပေါင်း (၃-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်း နဲ့ ဘိုင်ယန်အသင်းတို့ဟာ လက်ရှိရာသီမှာ ပြည်တွင်းဖလား အသီးသီးကို ရရှိခဲ့ကြတာ ဖြစ်ပြီး မန်ယူ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဖာဒီနန် နဲ့ ဟားဂရေ့စ်ကတော့ လက်ရှိရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို ဘိုင်ယန်အသင်း နဲ့ ပီအက်စ်ဂျီအသင်း တက်ရောက်လိမ့်မယ်လို့ ပြောသွားခဲ့ကြပါတယ်။

Photo Credit: Sportskeeda

BT Sports မှာ ဖာဒီနန်က “ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို အမ်ဘာပေ နဲ့ နေမာတို့လို ကစားသမားတွေကြောင့် တက်ရောက်သွားမယ်လို့ ကျွန်တော် ထင်တယ်။ အခြားသူတွေကလည်း အဲဒီလို ဗိုလ်လုပွဲစဉ်မှာ ကစားသမားကောင်းတွေ ရှိစေချင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်ပြီး ကျွန်တော် ဘိုင်ယန်အသ်းကိုလည်း ရွေးချင်တယ်။ သူတို့က လက်ရှိရာသီ တစ်လျှောက် ကောင်းစွာ ကစားခဲ့ကြတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပြီး အိုဝင် ဟားဂရေ့စ်ကလည်း “ကျွန်တော်လည်း ပီအက်စ်ဂျီအသင်းက ဗိုလ်လုပွဲ အထိကို ရောက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းက ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ဘက်ကောင်း ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ထပ်လောင်းပြောသွားတာ ဖြစ်ပါတယ်။