ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ရီကို လီဝစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၃-၁ ဆီဗီးလား ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ ပွဲဦးထွက်မှာတင် ဂိုးသွင်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို မန်ချက်စတာ စီးတီးရဲ့ သမိုင်းမှာ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဂိုးသွင်းရှင် အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရာ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ပါလ်မာ ၊ လီဝစ် ၊ ဂိုမက်ဇ်တို့ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ပြီး ညာနောက်ခံလူ အဖြစ် ကစားခဲ့တဲ့ လီဝစ်ကတော့ ပွဲချိန် ၅၂မိနစ်မှာတင် သူ့ရဲ့ မန်ချက်စတာ စီးတီး ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: BBC

မန်ချက်စတာ စီးတီးက ဆီဗီးလားနဲ့ပွဲမှာ လူငယ်ကြယ်ပွင့် ၃ဦး အပြင် အော်တီဂါ ၊ အယ်ဗာရက်ဇ်တို့လို အရန် ကစားသမားတွေကိုပါ ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်း အသုံးပြုခဲ့ပေမယ့် နှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် ကြီးမားခဲ့ပြီး မန်ချက်စတာ စီးတီးကသာ တပွဲလုံးနီးပါး ဆီဗီးလားဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပါတယ်။

အဆိုပါပွဲမှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို လီဝစ် ၊ အယ်ဗာရက်ဇ်နဲ့ မာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး ဆီဗီးလား အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ တောင်ပံတိုက်စစ် ကစားသမား ရာဖာမီယာက သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: BBC

မန်ချက်စတာ စီးတီး အတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ရီကို လီဝစ်ဟာ ဂိုးသွင်းယူချိန်မှာ အသက် ၁၇နှစ်နဲ့ ၃၄၆ရက်သာ ရှိသေးတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ လိုင်ယွန်တို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဘန်ဇီမာရဲ့ ချန်ပီယံလိဂ် သမိုင်းမှာ ပွဲဦးထွက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီး ၃-၁ ဆီဗီးလား ပွဲအပြီးမှာတော့ မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံး ချန်ပီယံလိဂ် ဂိုးသွင်းရှင် ဖြစ်လာတဲ့ လီဝစ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဂွာဒီယိုလာက – “ကောင်လေးက အရမ်းကို ကြီးမားတဲ့ ပါရမီရှိတဲ့ ဘောလုံးသမားလေးပါ။ သူက ကျွန်တော်တို့နဲ့အတူ ရှိနေတာ အတော်လေး ကြာနေပါပြီ။ သူ့လို လူငယ်လေး တယောက်က ချန်ပီယံလိဂ်ပွဲ တပွဲမှာ ပွဲချိန်ပြည့် ကစားနိုင်ခဲ့သလို သွင်းဂိုးလည်း သွင်းယူနိုင်ခဲ့တာကို ကြည့်ရုံနဲ့ သူ့ရဲ့ အရည်အသွေးကို သေချာ မြင်တွေ့နိုင်ပါတယ်။ သူက ဒီပွဲမှာ စွမ်းဆောင်ရည် အတော်လေး ကောင်းခဲ့ပါတယ်။ အခု သူ လုပ်ရမှာက အလုပ်ကြိုးစားဖို့ပါပဲ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။