ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်း နှစ်သင်းလို့ ပြောရမယ့် လီဗာပူးအသင်းနဲ့ မန်ယူအသင်းတို့ဟာ အင်္ဂလန် လိဂ်၁အသင်းဖြစ်တဲ့ ပီတာဘရော့အသင်းရဲ့ အသက်၁၇နှစ်အရွယ် လူငယ် တိုက်စစ်မှူး ရစ်ကီဂျိတ်ဂျုံးစ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အသက် ၁၇နှစ်အရွယ် ဂျုံးစ်ဟာ လက်စတာစီးတီး အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဗာဒီနဲ့ ကစားပုံ ဆင်တူသူ အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ပီတာဘရော့အသင်း အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲအထိ ဝင်ရောက် ကစားပေးထားရာမှာ ၄ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ သူ့ရဲ့ အထင်ရှားဆုံး စွမ်းဆောင်ရည်ကတော့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ၂ပွဲကစား ၂ဂိုး သွင်းယူထားနိုင်ခဲ့တာပါ။

Photo Credit: Goal

လီဗာပူးအသင်းနဲ့ မန်ယူအသင်းတို့ဟာ ဂျုံးစ် ကို ခေါ်ယူဖို့အတွက် ယခုအချိန်မှသာ စတင်ပြီး ကြိုးပမ်းခဲ့တာ မဟုတ်ပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှာကတည်းက ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် ၊ အာဆင်နယ် အသင်းတို့နဲ့ အပြိုင် ဂျုံးစ်ကို ကမ်းလှမ်းခဲ့ကာ ဂျုံးစ်ဘက်က အဆိုပါ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့လို့သာ ပီတာဘရော့အသင်းမှာ ဆက်ရှိခဲ့တာ ဖြစ်တယ်လို့ ပီတာဘရော့အသင်းရဲ့ အားကစားဒါရိုက်တာ ဘယ်ရီဖရိုင်းက အတည်ပြု ပေးထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျုံးစ်ကို ခေါ်ယူဖို့အတွက် လီဗာပူးအသင်းကရော မန်ယူအသင်းကပါ အင်တိုက်အားတိုက် ကြိုးစားလာကြပြီး ဂျုံးစ်ကတော့ ပီတာဘရော့အသင်းဟာ လက်ရှိမှာ သူ့အတွက် အသင့်တော်ဆုံးအသင်း ဖြစ်တယ်လို့ ယုံကြည်ထားကြောင်းနဲ့ မန်ယူ အသင်းရဲ့ တိုက်စစ်မှူး မားကပ်ရက်ဖို့ဒ်ဟာ သူ့ရဲ့ စံပြ ကစားသမား ဖြစ်တယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

Photo Credit: Goal

အသင်းကြီးတွေက သူ့ကို ခေါ်ယူဖို့အတွက် ကြိုးစားလာမှုနဲ့ ပတ်သတ်ပြီး ဂျုံးစ်က ” အသက် ၁၇နှစ်အရွယ် ကောင်လေးတစ်ဦး အတွက် အခုလို ကြားရတာက တကယ်ကို ကောင်းပါတယ်။ အခုဆိုရင် ကျွန်တော်က ကောင်းမွန်တဲ့ နေရာ တစ်ခုမှာ ရှိနေပါတယ်။ ကျွန်တော်က ဘောလုံး ကစားရတာကို ပျော်ရွှင်နေပြီး ဘယ်အရာကမှ ကျွန်တော့်ကို မနှောင့်ယှက်နိုင်ပါဘူး။ အသင်းကြီးတွေက ကျွန်တော့်ကို စိတ်ဝင်စားလာတာဟာ ကျွန်တော့်အတွက် စိတ်အားတက်ကြွစရာ အားပေးမှုတွေလိုပါပဲ။ ကျွန်တော့်အတွက် စံပြ ပုဂ္ဂိုလ်ကတော့ မားကပ် ရက်ဖို့ဒ်ပါ။ အကယ်ဒမီ ကနေ အသင်းကြီးအထိ သူရောက်ရှိသွားတဲ့ ပုံစံက ကျွန်တော်နဲ့ တစ်ပုံစံထဲပါပဲ။ ကျွန်တော်က ရက်ဖို့ဒ်ကို အမြဲတမ်း စောင့်ကြည့်ပြီးတော့ လေ့လာ သင်ယူဖြစ်ပါတယ်။ ပီတာဘရော့အသင်း ဟာ လူငယ် ကစားသမားတွေအတွက် အရမ်းကို ကောင်းတဲ့အသင်းတစ်ခုပါ။ ခင်ဗျားက ပီတာဘရော့အသင်းကနေ ပေါ်ထွက်လာတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေ အများကြီးကို မြင်တွေ့ဖူးမှာပါ ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။