ဒီရက်ပိုင်းအတွင်းမှာပဲ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းဆီကို တကျော့ပြန် ရောက်ရှိသွားခဲ့ရတဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီက ရီးယဲလ်အသင်းကို ပြန်လည်မကိုင်တွယ်ခင်မှာ သူကိုင်တွယ်ခဲ့တဲ့ အဲဗာတန်အသင်းကမှ သူ့အတွက် အနှစ်သက်ဆုံးဖြစ်ခဲ့ရတဲ့ ဘရာဇီးတိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ရီးယဲလ်အသင်းဆီ ခေါ်ဆောင်သွားချင်နေပေမယ့်လည်း အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကြောင့် ခေါ်ယူဖို့က ဖြစ်နိုင်ခြေနည်းပါးနေတယ်လို့ သိရပါတယ်။

Photo Credit : ACE Football

နာမည်ကျော် ဝါရင့်နည်းပြကြီး အန်စလော့တီဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ အဲဗာတန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပေမယ့် နည်းပြဇီဒန်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ လက်တွဲဖြုတ်ပြီးနောက်မှာ ရီးယဲလ်နဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ အန်စလော့တီဟာ အဲဗာတန်ကို ကျော့ခိုင်းပြီး ရီးယဲလ်အသင်းဆီကိုပဲ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ရပါတယ်။ အန်စလော့တီ ရီးယဲလ်နည်းပြ ပြန်လည်ဖြစ်လာချိန်မှာပဲ အဲဗာတန်ကစားသမားတချို့ကပါ သူတို့ရဲ့ဆရာဟောင်းရဲ့ လက်ရှိအသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။ ဒီကစားသမားတွေထဲမှာ တောင်ပံတိုက်စစ်ကစားသမား ရစ်ချာလီဆန်လည်း ပါဝင်လို့နေပါတယ်။

Photo Credit : ESPN

အန်စလော့တီဟာ အဲဗာတန်အသင်းကို နည်းပြခဲ့စဉ်ကတည်းက ရစ်ချာလီဆန်ရဲ့ ခြေစွမ်းပိုင်းတွေကို နှစ်သက်ခဲ့သူဖြစ်တာကြောင့် အခုလို ရီးယဲလ်နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ခံရချိန်မှာ ရစ်ချာလီဆန်ကို အသင်းဆီ အရခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းရဲ့ နွေရာသီ စီမံကိန်းအတွင်း အသင်းဆီ အရခေါ်ဆောင်သွားဖို့ သတ်မှတ်ထားတဲ့ ကစားသမားတွေထဲမှာ ရစ်ချာလီဆန် ပါဝင်နေခြင်းမရှိသလို ဘာပေ ဟာလန်းတို့လို ထိပ်တန်းကြယ်ပွင့် ကစားသမားတွေကိုလည်း ပြောင်းရွှေ့ကြေးများစွာ အသုံးပြုပြီး ကမ်းလှမ်းရမှာဖြစ်လို့ ရစ်ချာလီဆန်ကို ခေါ်ယူပေးဖို့က ဖြစ်နိုင်ဖွယ် နည်းနေရပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ၂၀၁၈-၂၀၁၉ဘောလုံးရာသီကမှ ဝက်ဖိုဒ့်ကနေ အဲဗာတန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘောလုံးရာသီ(၂)ရာသီဆက်တိုက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၃)ဂိုးစီ သွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ သူရဲ့ဂိုးသွင်းအားက ကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ (၇)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။