အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ကတော့ လီဗာပူးလ်အသင်းရဲ့ ကစားရမယ့် မာဆေးလ်ဆိုဒ် ဒါဘီ ပွဲစဉ် မတိုင်ခင် လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမား ဗန်ဒိုက်ကို ထိုးနှက်ခဲ့ပြီး နောက်ခံလူ ဗန်ဒိုက်ထက် ပို ကောင်းတဲ့ သူတွေ ရှိတယ်လို့ ပြောကြားသွားပါတယ်။ ဘရာဇီးသား ရစ်ချာလီဆန်ဟာ နောက်ခံလူ ဗန်ဒိုက်ထက် ပို ကောင်းတဲ့ နောက်ခံလူတွေက ဘယ်သူတွေလဲလို့ အမေးခံရတဲ့ အချိန်မှာ ရီးရဲလ်အသင်းရဲ့ နောက်ခံလူ ရာမို့စ်၊ ပီအက်စ်ဂျီအသင်းရဲ့ နောက်ခံလူတွေ ဖြစ်တဲ့ သီယာဂို ဆေးလ်ဗား နဲ့ မာကွင်ဟို့စ်တို့ပါလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အဲဗာတန်အသင်းဟာ အဆင့် (၁) နေရာက လီဗာပူးလ်အသင်းရဲ့ နောက် အဆင့် (၁၂) နေရာမှာ ရပ်တည်နေပြီး ယခုအပတ် တနင်္ဂနွေနေ့ည၊ တနင်္လာနေ့ နံနက် (၁၂း၃၀) အချိန်မှာ ပရီးမီးယား လိဂ် ပွဲစဉ် (၃၀) ကို လီဗာပူးလ်အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။ နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းကို ရောက်လာစဉ်ကတည်းက ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ဘလွန်းဒီအော် ဆုပေးပွဲမှာ အဆင့် (၂) နေရာကို ရရှိခဲ့ပေမယ့်လည်း ရစ်ချာလီဆန်က ဗန်ဒိက်ထက် ပိုကောင်းတဲ့ သူတွေ အများကြီး ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Desimpedidos သတင်းမှာ ရစ်ချာလီဆန်က “လူတွေက ဗန်ဒိုက်ရဲ့ အကြောင်းကို အများကြီး ပြောကြတယ်။ ဟုတ်ပါတယ်။ သူက နောက်ခံ ကစားသမားကောင်း တစ်ဦးပါ။ ဒါပေမယ့်လည်း ကျွန်တော် သူ့ကို ကျော်ဖြတ်ဖူးတယ်။ သူက ရာသီကောင်းကို ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာ့ အကောင်းဆုံး နောက်ခံ ကစားသမား (၃) ဦးထဲမှာ ရွေးချယ်ခံရပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ သူ့ထက် ပိုကောင်းတဲ့ နောက်ခံလူတွေ ရှိကြပါတယ်”လို့ ပြောကြားသွားပါတယ်။ ရစ်ချာလီဆန်ဟာ ဗန်ဒိုက်ထက် ပို ကောင်းတဲ့ နောက်ခံလူတွေက ဘယ်သူတွေ ဖြစ်သလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “သီယာဂို ဆေးလ်ဗား၊ မာကွင်ဟို့စ် နဲ့ ရာမို့စ်”လို့ ဖြေခဲ့ပါတယ်။