ယခု နွေဈေးကွက် အတွင်းမှာ အဲဗာတန်ကနေ စပါးထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကတော့ သူ အပါအဝင် ကစားသမားသစ်တွေ ထပ်မံ ရောက်ရှိလာမှုကြောင့် စပါးက ဆုဖလားတွေကို ရယူနိုင်စွမ်း ရှိတဲ့ အသင်းတသင်း ဖြစ်သွားပြီလို့ စပါးကစားသမား ဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်က အဲဗာတန်နဲ့အတူ သူဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ စပါးက သူ့ကို ပြောင်းရွှေ့ကြေး ယူရို ၅၈သန်းအထိ အသုံးပြုကာ ခေါ်ယူခဲ့သလို သူ့ကိုလည်း ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Be Soccer

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နည်းပြ ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိထားတဲ့ စပါးက ယခု နွေဈေးကွက် အတွင်းမှာ ပါရီဆစ် ၊ ဖော်စတာ စတဲ့ ဝါရင့် ကစားသမားတွေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို ရစ်ချာလီဆန်နဲ့ ဘစ်ဆူးမားတို့ကိုလည်း ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ ခေါ်ယူပြီး အင်အားဖြည့်တင်းထားပါတယ်။

ထိပ်တန်းနည်းပြ ကွန်တီ ဦးဆောင်နေမှု ၊ အသင်းရဲ့ လူအင်အား တောင့်တင်းလာမှုတို့ကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ အများစုက စပါးဟာ လာမယ့်ရာသီမှာ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းကို ဖိအားအပေးနိုင်ဆုံး အသင်း ဖြစ်လိမ့်မယ်လို့ သုံးသပ်ထားကြပြီး စပါးရဲ့ ကစားသမားသစ် ရစ်ချာလီဆန်ကလည်း လက်ရှိ စပါးရဲ့ လက်ရှိ လူအင်အားဟာ တောင့်တင်းတာကြောင့် သူတို့အသင်းက ဆုဖလားတွေကို ရယူနိုင်စွမ်း ရှိနေပြီလို့ ကြွေးကြော်ခဲ့ပါတယ်။

Photo Credit: Be Soccer

ရစ်ချာလီဆန်က – “အန်တိုနီယို ကွန်တီက အသင်းကို ပြိုင်ပွဲတိုင်းမှာ စိန်ခေါ်နိုင်စွမ်း ရှိတဲ့ ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် စုစည်းထားနိုင်ပါတယ်။ လာမယ့်ရာသီမှာ ကျွန်တော်တို့ ကစားရမယ့် ပြိုင်ပွဲတွေ အများကြီး ရှိနေတာကြောင့် နည်းပြက ကျွန်တော်တို့အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ပေးနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ကလည်း အခုချိန်မှာ အသင်းအတွက် ပိုပို အာရုံစိုက်ပြီး ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတခု ဖြစ်လာအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ တခု ပြောရရင် ကျွန်တော်တို့က ဆုဖလားတွေကို ရယူနိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်နေပါပြီ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာပါ။