အဲဗာတန်အသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမားလေး ရစ်ချာလီဆန်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူ့ကို ခေါ်ယူဖို့အတွက် ဥရောပရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကနေ ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့ကြောင်းနဲ့ ဒီကမ်းလှမ်းချက်တွေကို သူရဲ့အဲဗာတန်အသင်းကနေ ပယ်ချခဲ့ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : AOL

အသက်(၂၃)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ၂၀၁၈ခုနှစ်ကမှ ဝက်ဖိုဒ့်အသင်းကနေ အဲဗာတန်အသင်းဆီကို ရောက်ရှိလာခဲ့ဖြစ်ပြီး သူရဲ့အဲဗာတန်ကစားသမားဘဝ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ် (၁၃)ဂိုး သွင်းယူထာခဲ့ကာ ဒီရာသီမှာတော့ လိဂ်ဂိုး(၁၀)ဂိုး သွင်းယူထားပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ရစ်ချာလီဆန်ဟာ ဘရာဇီးလက်ရွေးစင်အသင်းမှာပါ ရွေးချယ်ထားခံရပြီး ဘရာဇီးအသင်းနဲ့အတူ ၂၀၁၉ခုနှစ် ကိုပါအမေရိကဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

Photo Credit : Metro

ဒါကြောင့်မို့ သူ့ကို ကလပ်အသင်းကြီးတွေကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာလည်း ဘာစီလိုနာနဲ့ ယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒီအကြောင်းကို ရစ်ချာလီဆန်က “ဒီရာသီအတွင်းမှာ ကျွန်တော့်ကို ဘာစီလိုနာနဲ့ ယူနိုက်တက်အသင်းတို့ကနေ ကမ်းလှမ်းမှုတွေ များစွာပြုလုပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်အသင်းကတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ ကျွန်တော်ကလည်း ဘောလုံးရာသီအလယ်ပိုင်းကြီးမှာ အသင်းပြောင်းဖို့ ဆန္ဒမရှိပါဘူး။ ဒီလို ထွက်သွားခဲ့မယ်ဆိုရင် ကျွန်တော့်အသင်းဖော်တွေအတွက်လည်း မကောင်းဘူးလေ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ရစ်ချာလီဆန်က သူ့ကို ဘာစီလိုနာလို အသင်းမျိုးကနေ ခေါ်ယူဖို့အတွက် လာရောက်ကမ်းလှမ်းခြင်းနဲ့ ကြုံတွေ့ရတာက စိတ်လှုပ်ရှားစရာကောင်းပေမယ့် ဒီအသင်းကို မပြောင်းခဲ့ရပဲ လက်ရှိအသင်းမှာ ဆက်လက်ရှိနေတာရတာလည်း သူ့အတွက် ပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောဆိုုလို့သွားခဲ့ပါတယ်။