ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ရစ်ချာလီဆန်က သူတို့အသင်းဟာ ရာသီသစ်မှာ ပရိသတ်တွေ အတွက် ဆုဖလား ကိုင်မြှောက်ခွင့် ရအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကတိပေးသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆန်က ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာ အဲဗာတန် ကနေ စပါးဆီ ပြောင်းရွှေ့ကြေး ယူရို ၅၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စပါးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

ရစ်ချာလီဆန်က အဲဗာတန်မှာ အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်ခဲ့ပေမယ့် စပါးဆီ ရောက်ရှိချိန်မှာတော့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပြီး ရစ်ချာလီဆန်ဟာ စပါးအတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ်ပဲ ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ၂၀၂၂ခုနှစ်ရဲ့ အဆိုးဝါးဆုံး ကစားသမား ခေါ်ယူမှုတွေထဲမှာ ရစ်ချာလီဆန်ကိုပါ ထည့်သွင်းခဲ့ပြီး စပါးပရိသတ်တွေကလည်း ရစ်ချာလီဆန် တယောက် လာမယ့် ဘောလုံးရာသီမှာ အဲဗာတန်မှာလို ခြေစွမ်းကောင်းတွေ ပြနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Photo Credit: Football 365

ရစ်ချာလီဆန်ဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့ပေမယ့် သူ့ရဲ့ အရည်အသွေးနဲ့ တိုးတက်နိုင်စွမ်းတို့ကြောင့် စပါးနည်းပြသစ် ပိုစတီဂိုဂလူက ရစ်ချာလီဆန်ကို အဓိက တိုက်စစ်မှူး တဦး အဖြစ် အသုံးပြုဖို့ စီစဉ်ထားပြီး ရစ်ချာလီဆန်ကလည်း လာမယ့်ရာသီမှာ ပရိသတ်တွေ အတွက် အနည်းဆုံး ဆုဖလား ၁လုံး ရယူပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

ရစ်ချာလီဆန်က – “အဲဗာတန်နဲ့ စပါး ကြားထဲမှာ ကွာဟချက်တွေ အများကြီး ရှိပါတယ်။ ကစားသမားတွေရဲ့ အရည်အချင်းတွေ ကွာသလို စပါးရဲ့ အိမ်ကွင်းကလည်း အဲဗာတန်ရဲ့ အိမ်ကွင်းထက် အပုံကြီး သာပါတယ်။ ပြီးတော့ အသင်းတွေရဲ့ ပစ်မှတ်တွေကလည်း ကွာပါတယ်။ ကျွန်တော်တို့မှာ လိုအပ်နေတဲ့ တခုထဲသော အရာက ဆုဖလားတွေပါပဲ။ ဒါကြောင့် ကျွန်တော်တို့က ရာသီသစ်မှာ အရင်နှစ်တွေထက် ပိုပြီး ရည်မှန်းချက် ကြီးဖို့ လိုပါတယ်။ လာမယ့်ရာသီမှာ ကျွန်တော်တို့က ဖလားပြိုင်ပွဲ တခုကို အာရုံစိုက် ကစားရပါမယ်။ ကျွန်တော်တို့က ဆုဖလား ၁လုံး ကိုင်မြှောက်နိုင်အောင် ကြိုးစားရပါမယ်။ ပရိသတ်တွေက ကျွန်တော်တို့ကို အမြဲတမ်း အားပေး ကူညီခဲ့ကြတာပါ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေက ဆုဖလားတွေနဲ့ ထိုက်တန်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။