MySport Myanmar

စပါး အာဆင်နယ်ထက် ချယ်လ်ဆီးအသင်းကိုသာ ရွေးချယ်သွားဖို့ ဆန္ဒရှိနေတဲ့ ရစ်ချာလီဆန်

ဗြိတိန်နာမည်ကြီး The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အဲဗာတန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ ပရီးမီးယားလိဂ်ဘက်မှာဆိုရင်တော့ အာဆင်နယ်အသင်းထက် ချယ်လ်ဆီးအသင်းကိုသာ ရွေးချယ်သွားချင်နေသလို ချယ်လ်ဆီးဟာလည်း သူ အပြောင်းရွှေ့ချင်ဆုံး ကလပ်(၃)သင်းထဲမှာ တစ်သင်းအပါအဝင် ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit : Lancs Live

အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းမဆင်းရအောင် အဓိကနေရာကနေ ကူညီနိုင်ခဲ့သူဖြစ်ပြီး အသင်းအတွက် (၁၀)ဂိုး သွင်းယူခဲ့သလို ဂိုးဖန်တီးမှုလည်း (၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဗာတန်ကလည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ရစ်ချာလီဆန်ကို အသင်းကနေ ရောင်းမထုတ်ချင်ပေမယ့် FFP စည်းမျဉ်းအရ အရှုံးပေါ်ထားတဲ့ နှစ်တွေ ဆက်တိုက်ဖြစ်နေတာကြောင့် ရစ်ချာလီဆန်လို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား ရရှိနိုင်မယ့် ကစားသမားမျိုးကို မဖြစ်မနေ ရောင်းချရတော့မှာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ရစ်ချာလီဆန်ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး စပါး အာဆင်နယ်အသင်းတွေက အလိုရှိနေသလို ဥရောပ ကလပ်အသင်းကြီးတွေကလည်း ခေါ်ယူချင်နေကြပေမယ့် ရစ်ချာလီဆန်ကိုယ်တိုင်ကတော့ အဲဗာတန်ကသာ ထွက်ခွာဖြစ်မယ်ဆိုရင် ချယ်လ်ဆီး ရီးယဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတွေကိုသာ ရွေးချယ်သွားချင်နေပါတယ်။ တကယ်လို့ ရစ်ချာလီဆန်အနေနဲ့ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ကစားသွားချင်တယ်ဆိုရင်တော့ သူ့ကို ခေါ်ယူချင်နေတဲ့ စပါး အာဆင်နယ်အသင်းထက် ချယ်လ်ဆီးအသင်းကို ရွေးချယ်သွားဖို့ ဆန္ဒရှိနေပါတယ်။ ချယ်လ်ဆီးအသင်းဟာ အခုနွေဈေးကွက်ထဲမှာ အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူကို သူရဲ့အသင်းဟောင်း အင်တာမီလန်အသင်းဆီ ပြန်လည်အငှားချသွားဖို့ အစီအစဉ်ရှိနေတာကြောင့် သူ့နေရာမှာ ပြန်အစားထိုးသွားဖို့အတွက် ရစ်ချာလီဆန်နဲ့ အူစမန်ဒမ်ဘီလီတို့ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးသာ ရစ်ချာလီဆန်ကို ခေါ်ယူနိုင်ဖို့အတွက်ဆိုရင် ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ် ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းဆီ ကစားသမားတစ်ဦးဦး ပြန်လည်အငှားချပေးရဖွယ် ရှိနေပါတယ်။

Exit mobile version