ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတသင်း ဖြစ်တဲ့ အဲဗာတန်ရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ ရစ်ချာလီဆန် ကတော့ သူဟာ သူတို့ရဲ့ ခါးသီးမြို့ခံပြိုင်ဘက် လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်ဖလား ရသွားမှာကို မလိုလားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲဗာတန်နဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံကြတဲ့ ပွဲတိုင်းကို မာဆေးဆိုဒ်ဒါဘီ အဖြစ် တင်စားထားကြပြီး မာဆေးဆိုဒ်ဒါဘီဟာ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံး ဒါဘီပွဲစဉ်တွေထဲက တပွဲပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့် အဲဗာတန်နဲ့ လီဗာပူးတို့ဟာ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ကြပြီး တသင်းနဲ့ တသင်းကြားမှာ ရှိနေတဲ့ ပြိုင်ဆိုင်မှုက အလွန်အမင်း ကြီးမားကာ နှစ်သင်းစလုံးမှာ ကစားတဲ့ ကစားသမားတွေကလည်း အခြားအသင်း တသင်းက အောင်မြင်မှုတွေ ရသွားမှာကို မလိုလားကြပါဘူး။

လက်ရှိမှာတော့ အဲဗာတန်ရဲ့ မရှိမဖြစ် တိုက်စစ် ကစားသမားလို့ ပြောရမယ့် ရစ်ချာလီဆန်ကလည်း သူဟာ လီဗာပူးအသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ရသွားမှာကို မမြင်ချင်ကြောင်းနဲ့ လီဗာပူးကသာ ချန်ပီယံလိဂ်ဖလားကို ရသွားရင် လီဗာပူး ပရိသတ်တွေဟာ သူတို့ကို တချိန်လုံး လှောင်ပြောင်တော့မှာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ရစ်ချာလီဆန်က – “ကျွန်တော်ကတော့ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား မရတာကိုပဲ မြင်ချင်ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ မြို့ခံပြိုင်ဘက်ပါ။ ဒါကြောင့် ကျွန်တော်တို့က သူတို့အသင်း အောင်မြင်မှုတွေ ရမှာကို မမြင်ချင်ပါဘူး။ တကယ်လို့ သူတို့ကသာ အောင်မြင်မှု ရသွားခဲ့ရင် လီဗာပူးပရိသတ်တွေက လူမှုကွန်ယက်တွေ သုံးပြီး ကျွန်တော်တို့ကို လှောင်ပြောင်ကြမှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ရစ်ချာလီဆန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အဲဗာတန် အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။