လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၄ပွဲ ကစား ၄ပွဲစလုံးကို အနိုင်ရရှိထားပြီး အမှတ်ပေးဇယားရဲ့ အဆင့်၁ နေရာကို သိမ်းပိုက် ထားတဲ့ အဲဗာတန်အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ရစ်ချာလီဆန် ကတော့ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး ကယ်ဗတ်-လီဝင်ဟာ ဂျူဗင်တပ်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်ဒိုလို ကစားသမားမျိုး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ လက်ရှိ ဘောလုံး ရာသီမှာ ကစားသမျှ ပွဲတိုင်းကို အနိုင်ရရှိထားသလို ကယ်ဗတ်-လီဝင် ၊ ရစ်ချာလီဆန်နဲ့ ဂျိမ်းစ် ရိုဒရီဂွက်စ်တို့ရဲ့ အတွဲအဖက်ဟာ အတော်လေး ကောင်းမွန်လှပြီး အသင်းအတွက် သွင်းဂိုးများစွာကို သွင်းယူပေးထားနိုင်ပါတယ်။

Photo Credit: Goal

အထူးသဖြင့် တိုက်စစ်မှူး ကယ်ဗတ်-လီဝင်ရဲ့ ခြေစွမ်းဟာ အတော်လေး အားရကျေနပ်စရာ ကောင်းပြီး အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ လီဝင်ဟာ လက်ရှိ ဘောလုံးရာသီမှာ အဲဗာတန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၆ပွဲအထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၉ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပါတယ်။ တစ်ပွဲပျမ်းမျှ ၁.၅ ဂိုးနှုန်းနဲ့ ဂိုးသွင်းခြေ တွေ့နေတဲ့ လီဝင်ဟာ လက်ရှိမှာတော့ အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ပါဝင် ကစားခွင့်ရဖို့ ရွေးချယ်ခံထား ရပါတယ်။ ရစ်ချာလီဆန် ကတော့ ကယ်ဗတ်-လီဝင်ဟာ အတော်လေး တိုးတက်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး လီဝင်ဟာ သူနဲ့ စတင်တွေ့ဆုံချိန်က ကစားသမားမျိုး မဟုတ်တော့ပဲ စီရိုနယ်ဒိုလိုမျိုး တစ်ဖက်အသင်းရဲ့ ခံစစ်ကြောင်းကို အိမ်မက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားပါတယ်။

Photo Credit: Goal

ကယ်ဗတ်-လီဝင်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ရစ်ချာလီဆန်က ” ဒိုမီနစ်(လီဝင်)ရဲ့ တိုးတက်မှုက အတော်လေးကို အထင်ကြီးဖို့ ကောင်းပါတယ်။ သူက လုံးဝ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူး တစ်ဦးအဖြစ် ပြောင်းလဲနေပါပြီ။ ကျွန်တော် မှတ်မိနေတာ ကတော့ သူဟာ ကျွန်တော်နဲ့ စတင် တွေ့ဆုံခဲ့တဲ့ အချိန်နဲ့ လုံးဝ မတူညီတော့တာပါပဲ။ ဒါတွေ အားလုံးဟာ သူ့ရဲ့ ကြိုးစားမှုတွေကြောင့်ပါပဲ။ သူဟာ နေ့တိုင်း Gym သွားတယ်။ သူ့ရဲ့ အဆုံးသတ်တွေ ပိုကောင်းအောင် လေ့ကျင့်တယ်။ ပြီးတော့ ကားလို့စ်(အန်ဆလော့တီ)ရဲ့ လက်အောက်မှာ ကစားခွင့် ရတာက သူ့ကို ပိုပြီး တိုးတက် လာစေပါတယ်။ သူဟာ ဒီရာသီကို အတော်လေး ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ စတင် နိုင်ခဲ့ပြီး အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံရဖို့ ထိုက်တန်တယ် ဆိုတာ သံသယ ဝင်စရာ မရှိပါဘူး။ သူဟာ သူ့ရဲ့ ပြိုင်ဘက်တွေ အတွက် အိမ်မက်ဆိုး တစ်ခု ဖြစ်လာပြီး ခရစ္စတီယာနို ရိုနယ်ဒိုလိုမျိုး ခြေစွမ်း တစ်ဟုန်ထိုး တိုးတက်နေပါတယ် ” လို့ ချီးကျူးသွားခဲ့တာပါ။