ယခုနှစ် ဘောလုံးရာသီ အစကမှ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးထံ ရောက်ရှိလာတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရစ်ချာလီဆန်က ဒီရာသီမှာ ပုံမှန် ပွဲထွက်ခွင့် မရပဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရလို့ မကျေနပ်ကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၀-၀ အေစီမီလန် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆန်က ယခုနှစ် ဘောလုံးရာသီ အစမှာ အဲဗာတန် ကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၅၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စပါးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Team Talk

ရစ်ချာလီဆန်က အလိမ်အခေါက် ကောင်းတဲ့ မြန်နှုန်းမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူဟာ အဲဗာတန်မှာ ကစားခဲ့စဉ်က အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် စပါးမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသလို ဒီရာသီမှာ စပါးအတွက် သွင်းဂိုး ၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ရစ်ချာလီဆန်က ပုံမှန် ပွဲထွက်ခွင့် မရတာကြောင့် ပုံမှန်ခြေစွမ်း ရဖို့ ရုန်းကန်နေရသလို စပါးနည်းပြ ကွန်တီကလည်း ပုံမှန်ခြေစွမ်း မရတဲ့ ရစ်ချာလီဆန်ကို ပွဲထွက်ခွင့် မပေးချင်တာကြောင့် ရစ်ချာလီဆန်ရဲ့ ပြဿနာဟာ ဂျာအေးကို သူ့အမေရိုက် ဆိုတဲ့ စကားအတိုင်း ဖြစ်နေခဲ့ပါတယ်။

Photo Credit: Team Talk

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၀-၀ အေစီမီလန် ပွဲစဉ်မှာလည်း ကွန်တီက ရစ်ချာလီဆန်ကို အရန်ခုံ ပို့ကာ ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင်နဲ့ ကူလူဆက်စကီးတို့ရဲ့ တိုက်စစ်အတွဲကိုသာ အသုံးပြုခဲ့ပြီး အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ရစ်ချာလီဆန်က ကွန်တီဟာ သူ့ကို ဒီပွဲမှာ ပွဲထွက်ခွင့် ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ကတိမတည်ခဲ့ကြောင်းနဲ့ အခုလိုမျိုး အရန်ခုံ ထိုင်နေရတဲ့ ဘဝကို အလွန် စိတ်ပျက်မိကြောင်း လူသိရှင်ကြား ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

ရစ်ချာလီဆန်က – “ကျွန်တော်က ရိုးသားတဲ့ လူတယောက်ပါ။ ဒီရာသီက ကျွန်တော့်အတွက် အရမ်းကို စိတ်ပျက်စရာ ကောင်းတဲ့ ရာသီတခုပါ။ ကျွန်တော်က ကွန်တီရဲ့ လူရွေးချယ်မှုတွေကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ကျွန်တော်က အမြဲတမ်း အပေါင်းလက္ခဏာ ဆောင်တဲ့ လုပ်ရပ်မျိုးတွေပဲ ပြခဲ့တာပါ။ ဒါပေမယ့် ကွန်တီက ကျွန်တော့်ကို အရန်ခုံဆီပဲ ပို့လေ့ ရှိပါတယ်။ မနေ့ကလည်း သူက ကျွန်တော့်ကို စာပို့ပြီး ဒီပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ အရန်ခုံဆီ ရောက်ခဲ့တာပါပဲ” လို့ ဒေါသတကြီး ထုတ်ပြောသွားခဲ့တာပါ။