MySport Myanmar

ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ၂ဂိုးသွင်းနိုင်ပြီးနောက် မိသားစုနဲ့ အောင်ပွဲခံခဲ့တဲ့ ရစ်ချာလီဆန်

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု(D)ရဲ့ ပွဲစဉ်တပွဲ ဖြစ်တဲ့ စပါးနဲ့ မာဆေးလ်တို့ အားပြိုင်ခဲ့ကြတဲ့ ပွဲမှာတော့ အိမ်ရှင် စပါးက ကစားသမားသစ် ရစ်ချာလီဆန်ရဲ့ သွင်းဂိုး ၂ဂိုးနဲ့အတူ တယောက်လျော့ မာဆေးလ်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ တာထွက်လှသွားခဲ့ပါတယ်။

စပါးရဲ့ ကွင်းသစ်ကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ စပါးက မာဆေးလ်ဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားခဲ့ပြီး မာဆေးလ်ကတော့ ပထမပိုင်းမှာ စပါးကို ခြေရည်တူ တုံ့ပြန် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အစမှာပဲ အဓိက နောက်ခံလူ အမ်ဘမ်ဘာ တယောက် တိုက်ရိုက်အနီ ထိသွားတာကြောင့် လက်ကျန် ပွဲကစားချိန်တွေကို ၁၀ယောက်ထဲနဲ့သာ ယှဉ်ပြိုင် ကစားခဲ့ရပါတယ်။

Photo Credit: The Sun

ကစားသမား တယောက် အသာရသွားပြီးနောက် စပါးက အနိုင်ဂိုးတွေ ရရှိဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် မာဆေးလ်ရဲ့ ကျစ်လျစ်လှတဲ့ ခံစစ်ကြောင်းကြောင့် သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ရစ်ချာလီဆန်ရဲ့ ပွဲကစားချိန် ၇၆မိနစ်နဲ့ ၈၁မိနစ်တို့မှာ သွင်းယူပေးခဲ့တဲ့ အဖိုးတန် သွင်းဂိုးတွေကြောင့်သာ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

စပါး ၂-၀ မာဆေးလ် ပွဲစဉ်ဟာ ရစ်ချာလီဆန် အတွက် ကစားသမား ဘဝ ပထမဦးဆုံး ကစားခွင့်ရတဲ့ ချန်ပီယံလိဂ်ပွဲ ဖြစ်ပြီး ရစ်ချာလီဆန်က သူ့ရဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်မှာတင် အသင်းရဲ့ အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲဦးထွက်ဟာ အတော်လေး ချိုမြိန်ခဲ့တယ်လို့ ဆိုရပါမယ်။

Photo Credit: The Sun

ရစ်ချာလီဆန်က ချန်ပီယံလိဂ် ပွဲဦးထွက်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပွဲပြီးဆုံးချိန်မှာတော့ ပွဲကြည့်စင်မှာ ရှိနေတဲ့ သူ့ရဲ့ ဖခင် ၊ မိသားစုဝင်တွေနဲ့ အတူ ပွေ့ဖက်ကာ အောင်ပွဲခံခဲ့ပြီး ဖခင်ဖြစ်သူနဲ့ ပွေ့ဖက် အောင်ပွဲခံနေချိန်မှာ ရစ်ချာလီဆန် တယောက် ဝမ်းသာမျက်ရည်တွေ ကျနေတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

Exit mobile version