ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အဲဗာတန်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရစ်ချာလီဆန်ကတော့ သူဟာ စပါးဆီ မပြောင်းရွှေ့မီမှာ စပါးရဲ့ မြို့ခံပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်က အဲဗာတန် ကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၅၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ စပါးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Goal

ရစ်ချာလီဆန်က အဲဗာတန်ဆီ စတင် ရောက်ရှိချိန်ကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သက်သေပြထားနိုင်သူ ဖြစ်တာကြောင့် သူဟာ အဲဗာတန်ကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာချိန်မှာ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ စပါး ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ သုံးသင်းစလုံးဟာ သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ အသီးသီး လုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ရစ်ချာလီဆန်ကတော့ သူ့ရဲ့ မြန်နှုန်းမြင့် ကစားဟန်နဲ့ ကိုက်ညီမယ့် တန်ပြန်တိုက်စစ် ဦးစားပေး ကစားလေ့ ရှိတဲ့ စပါးဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရစ်ချာလီဆန်က ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ဟာ သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးကြောင်း ပရိသတ်တွေ သိအောင် ပြောပြလာခဲ့ပါတယ်။

Photo Credit: Goal

ရစ်ချာလီဆန်က – “ချယ်လ်ဆီးက ကျွန်တော့်ကို ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါက အမှန်တရားပါ။ ပြီးတော့ အာဆင်နယ်ကလည်း ကျွန်တော့်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး အဲဗာတန်ဆီ စုံစမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် စပါးက ကျွန်တော့်အတွက် အဲဗာတန်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို တခါထဲ ပေးချေခဲ့တဲ့ အသင်းပါ။ ဒီတော့ ကျွန်တော်ကလည်း စပါးဆီ ပြောင်းဖို့ပဲ ဆုံးဖြတ်လိုက်ရုံပေါ့။ ဒါက အရမ်းကို လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။