MySport Myanmar

ရစ်ချာလီဆန်က သူ့စကားအတွက် ပြန်တောင်းပန်ခဲ့တယ်လို့ ကွန်တီ ဖွင့်ဟ

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ရစ်ချာလီဆန်က အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီး အင်တာဗျူးထဲမှာ အသင်းနည်းပြ အန်တိုနီယိုကွန်တီနဲ့ ပတ်သတ်ပြီး မှတ်ချက်စကားတချို့ ပြောဆိုသွားခဲ့ပေမယ့်လည်း သူရဲ့ပြောဆိုမှုအတွက် ပြန်လည် တောင်းပန်သွားခဲ့တယ်လို့ ကွန်တီကိုယ်တိုင် ရှင်းပြသွားခဲ့ပါတယ်။

Photo Credit : The Sun

ဘရာဇီးလ် ကြယ်ပွင့်ကစားသမား ရစ်ချာလီဆန်ဟာ မီလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ် နှစ်ကျော့စလုံးမှာ ဒုတိယပိုင်း မိနစ်(၇၀)ခန့်တွေမှသာ ပါဝင်ခဲ့ရတဲ့အပေါ် မကျေနပ်မိတဲ့အတွက် ပွဲအပြီး အင်တာဗျူးမှာ သူ့ကို ပွဲကစားခွင့် သိပ်မပေးတဲ့ ကွန်တီရဲ့ ရွေးချယ်မှုကို နားမလည်မိကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒီ အင်တာဗျူးနဲ့ ပတ်သတ်ပြီး ကွန်တီက “ပထမဆုံးအနေနဲ့ ပြောချင်တာက ရစ်ချာလီဆန်ရဲ့ အင်တာဗျူးကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ သူ ကျွန်တော့်ကို မဝေဖန်ခဲ့ဘူး။ သူရဲ့ဘောလုံးရာသီကသာ စိတ်ပျက်စရာလို့ ပြောခဲ့တာ။ တကယ်လည်း အခု သူရဲ့ဘောလုံးရာသီက မကောင်းခဲ့ပါဘူး”

Photo Credit : Sky Sports

“သူ ဒဏ်ရာတွေ ရခဲ့တယ်။ ချန်ပီယံလိဂ်မှာ ကစားခွင့်ရခဲ့တယ်။ ဂိုးသွင်းယူတယ်။ ပြီးတော့ ကမ္ဘာ့ဖလား သွားကစားခဲ့ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလာခဲ့တယ်။ သူက ကျွန်တော်တို့အတွက် လိဂ်သွင်းဂိုး မသွင်းယူနိုင်သေးပါဘူး။ သူရဲ့ဒီရာသီကို မကောင်းဘူးလို့ သူ အမှန်တိုင်း ချပြခဲ့တာပါ။ ဒါပေမယ့် ဒီရာသီက အဆုံးမသတ်သေးပါဘူး။ သူ ကစားဖို့ ထိုက်တန်မှု ရှိတယ်ဆိုရင် ကျွန်တော်ကလည်း သူ့ကို အခွင့်အရေးတွေ ပေးမှာပါ”

Photo Credit : Reuters

“သူက အမှားလုပ်မိလို့ တောင်းပန်ခဲ့တယ်။ ဒါက ကျွန်တော်အတွက် ကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအဖွဲ့ရဲ့ စိတ်ဓါတ်က ဘယ်လောက် အရေးပါသလဲဆိုတာကို ထပ်မံ ရှင်းလင်း မြင်သာသွားလို့ပါပဲ။ ဒီကဏ္ဍပိုင်းမှာတော့ ကျွန်တော်တို့ တိုးတတ်လာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အပျက်သဘောဆောင်နေတဲ့ အခိုက်အတန့်တွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဓါတ်ကို ပိုပြသသွားရပါမယ်” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီရာသီမှ အဲဗာတန်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့သူ ရစ်ချာလီဆန်ဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲ ကစားထားခဲ့ပြီး ချန်ပီယံလိဂ်မှာသာ (၂)ဂိုး သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်မှာတော့ လက်ရှိအချိန်ထိ ဂိုးပေါက်ပျောက်နေပါတယ်။

 

Exit mobile version