ဒီနှစ် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ အဲဗာတန်အသင်းကနေ တော့တင်ဟမ်ဟော့စပါးအသင်းကို ပြောင်းရွေ့ကြေး ပေါင်သန်း(၆၀)နဲ့ ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ဘောလုံးရာသီဝက်အထိ ရောက်လာခဲ့ချိန်မှာတောင် စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးမှ မသွင်းယူနိုင်သေးပဲ ဖြစ်နေရပါတယ်။

Photo Credit : News18

၂၀၁၇ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ စတင် ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရစ်ချာလီဆန်ဟာ ဝက်ဖို့ဒ်ကနေ အဲဗာတန် အဲဗာတန်ကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့ရပေမဲ့ အခု ဘောလုံးရာသီထဲ ခြေသလုံးဒဏ်ရာ တံကောက်ကြောဒဏ်ရာတွေ ရင်ဆိုင်ခဲ့ရတဲ့အပြင် စပါးတိုက်စစ်မှာ ဟာရီကိန်း ဆွန်ဟောင်မင် ကူလူဆက်ဗ်စကီးတို့ နေရာ အပြိုင်အဆိုင် ဖြစ်နေရတာတွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၁၂)သာ ပါဝင်ထားရသလို ဒီ(၁၂)ပွဲထဲကမှ (၄)ပွဲကိုသာ ပွဲထွက်ကစားထားရပြီး ပရီးမီးယားလိဂ်သွင်းဂိုးလည်း တစ်ဂိုးမှကို မသွင်းယူထားနိုင်သေးပါဘူး။

Tottenham: Pundit issues 'unbelievable' Richarlison verdict

Photo Credit : Football Insider

အသက်(၂၅)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကစားသမား ရစ်ချာလီဆန်က ဒီရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၇)ပွဲအထိ ကစားထားနိုင်ခဲ့ပြီး သွင်းဂိုး (၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို အဲ့ဒီ(၂)ဂိုးလုံးဟာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ပထမဆုံးသော ချန်ပီယံလိဂ်ဂိုးတွေကို သွင်းယူလာနိုင်ခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်ဘက်မှာ ဂိုးဖန်တီးမှု (၃)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး ဂိုး လုံးဝ မသွင်းနိုင်သေးတာက ရစ်ချာလီဆန်အတွက် ဖိအားပိုဝင်နေနိုင်ပါတယ်။ လက်ရှိမှာ ရစ်ချာလီဆန်က တံကောက်ကြောဒဏ်ရာကနေ အရှင်း မသက်သာသေးတဲ့ အခြေအနေ ဖြစ်နေမဲ့လည်း အသင်းအတွက်ကိုတော့ လူစားဝင်ပြီး ကစားပေးနေသလို မကြာခင်မှာပဲ ပွဲထွက်ကစားသမားအဖြစ်နဲ့ပါ ကစားလာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတုန်းက ဘရာဇီးလ်အသင်းအတွက် ကမ္ဘာ့ဖလားသွင်းဂိုး (၃)ဂိုးထိတောင် သွင်းယူထားနိုင်ခဲ့တဲ့ ရစ်ချာလီဆန်ဟာ သူရဲ့ကလပ်အသင်းဖြစ်တဲ့ စပါးအတွက်ကိုလည်း ပရီးမီးယားလိဂ် သွင်းဂိုးတွေ သွင်းယူသွားနိုင်ဖို့ လိုအပ်နေပြီး သူ့ကို စပါးဘက်က ပေါင်သန်း(၆၀)အထိ သုံးစွဲထားတာနဲ့ ထိုက်တန်မှုရှိတဲ့ စွမ်းဆောင်ရည်မျိုးကို ပြန်လည် ပြသပေးဖို့ ရစ်ချာလီဆန်မှာ အပြည့်အဝကို တာဝန်ရှိလို့နေပါတယ်။