ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အင်္ဂလန် နောက်ခံလူဟောင်း မီကာရစ်ချက် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ဖီအိုရင်တီးနားအသင်းနဲ့ အတူ တောက်ပနေတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးလိုက်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ စီးရီးအေ နာမည်ကြီးကလပ် ဖီအိုရင်တီးနားအသင်းနဲ့ အတူ စတင် တောက်ပလာတဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ အမြင့်ဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားသူပါ။

Photo Credit: Daily Mail

ဗလာဟိုဗစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖီအိုရင်တီးနားအသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်ထားနိုင်ကာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ ဥရောပ ထိပ်သီးအသင်း အများစုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အဂူရိုကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ စီးတီးအသင်းလည်း ပါဝင်နေပြီး မီကာရစ်ချက် ကတော့ ဗလာဟိုဗစ်ရဲ့ ဘယ်ခြေတချောင်းက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ မှော်တုတ်တံလို ဖြစ်နေကြောင်း တင်စားကာ သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ဗလာဟိုဗစ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Daily Mail

မီကာရစ်ချက်က – “ကျွန်တော်က ဗလာဟိုဗစ် ကစားခဲ့တဲ့ ပွဲတွေ အများကြီးကို ကြည့်ခဲ့ပါတယ်။ သူက ခန္ဓာကိုယ် ကြီးသလောက် အရမ်းကို မြန်ပါတယ်။ ဒါက တကယ့်ကို အံ့အားသင့်စရာပါ။ သူ့ရဲ့ ဘယ်ခြေက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်တဲ့ မှော်တုတ်တံ တချောင်းလိုပါပဲ။ ကျွန်တော် ခင်ဗျားတို့ကို တခုပဲ ပြောမယ်။ သူ့မှာ အရည်အချင်း အားလုံး ရှိပါတယ်။ သူက တိုက်စစ်မှူး တဦး လိုအပ်တဲ့ အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားတာပါ။ ဒါကြောင့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ချင်ရင် သူ့ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်သင့်ပါတယ်” လို့ ပြောကြားရင်း အကြံပေးသွားခဲ့တာပါ။