MySport Myanmar

အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ဘိုင်ယန်ဆီသာ ပြောင်းချင်နေတဲ့ ရိုက်စ်

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ကွင်းလယ်ခံစစ် ကစားသမားလည်း ဖြစ်တဲ့ ဒီကလန်ရိုက်စ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ ကစားဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းရဲ့ လူငယ် အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သလို လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ဒီကလန်ရိုက်စ်က ယခုနှစ် ဘောလုံးရာသီမှာ ဝက်စ်ဟမ်းကို ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ ဗိုလ်လုပွဲ အထိ ရောက်အောင် ကူညီပေးထားသလို သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ အလားအလာကောင်းတွေကြောင့် အာဆင်နယ် အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်းတွေက သူ့ကို လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

လက်ရှိမှာ ဒီကလန်ရိုက်စ်က ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ ဗိုလ်လုပွဲ အတွက် အပြည့်အဝ အာရုံစိုက်ထားပေမယ့် သူက လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားသလို ဝက်စ်ဟမ်းကလည်း ဒီကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ပေးဖို့ သဘောတူထားပါတယ်။

Photo Credit: The Sun

ယခုအချိန်မှာတော့ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ တက်တက်ကြွကြွ လှုပ်ရှားနေကြပြီး အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ဒီကလန်ရိုက်စ်ရဲ့ အေးဂျင့်နဲ့ရော ၊ ဝက်စ်ဟမ်းနဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ထားပေမယ့် ဒီကလန်ရိုက်စ်ကတော့ ဆုဖလား အာမခံချက် ရှိတဲ့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဒီကလန်ရိုက်စ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ တူဟယ်လ်နဲ့ ဖုန်းပြောကာ သူ့ရဲ့ အနာဂတ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒီကလန်ရိုက်စ်နဲ့ တူဟယ်လ်တို့ရဲ့ စကားဝိုင်းက အဆင်ပြေခဲ့သလို ဘိုင်ယန်မြူးနစ်က ဒီကလန်ရိုက်စ်ကို ပေါင် ၉၅သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Exit mobile version