MySport Myanmar

Set-piece နည်းပြရဲ့ ညွှန်ကြားမှုကို မလိုက်နာမိခဲ့ဘူးလို့ ရိုက်စ် ဆို

အာဆင်နယ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အတွက် အရေးပါတဲ့ ဂိုးတွေကို ဖရီးကစ်ကနေ တိုက်ရိုက် ကန်သွင်းခဲ့တဲ့ ဒက်ကလန် ရိုက်စ်က ဖရီးကစ် မကန်ခင် Set-piece နည်းပြ နီကိုလပ် ဂျိုဗာ ဘာတွေ ညွှန်ကြားခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား ဒက်ကလန် ရိုက်စ်ဟာ ရီးယဲလ်မက်ဒရစ်ကို အံ့အားသင့်စရာ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကစားသမားဘ၀ရဲ့ ပထမဆုံး တိုက်ရိုက်ဖရီးကစ်ဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရိုက်စ်က အသင်းရဲ့ Set-piece နည်းပြ နီကိုလပ် ဂျိုဗာရဲ့ညွှန်ကြားချက်ကို သူ လိုက်နာခဲ့ခြင်း မရှိဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Photo Credit : The New York Times

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ သူ့ရဲ့ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ဖရီးကစ်ကနေ တိုက်ရိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးယဲလ် ဂိုးသမား သီဘော ကော်တိုအာကို အရှိန်နဲ့ ကွေ့ဝိုက်မှု အားကောင်းတဲ့ ဘောလုံးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပေမယ့် မူလအစီအစဉ်က ဘောလုံးကို ဂိုးဧရိယာထဲကို ကန်တင်ပေးဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“သူက ကန်တင်ပေးဖို့ ပြောခဲ့တာပါ။ လူတံတိုင်းထဲက နောက်ခံကစားသမားတွေ နည်းနည်းလေးရွေ့သွားတဲ့အချိန်မှာ ဘူကာယိုက မင်းခံစားမိရင် ကန်လိုက်လို့ပြောတယ်။ ဒါကြောင့် ကျွန်တော် ဒါကို ကန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂိုးသွင်းလိုက်ရတဲ့အခါ ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်ပါပဲ။”

Photo Credit : SPORTbible

“အဲ့ဒီထောင့်ကနေ ကန်တင်ပေးဖို့ ဆိုတာကလည်း သိပ်အဓိပ္ပာယ်မရှိပါဘူး။ ဖြည်းဖြည်းချင်းပဲ ပေးရမှာပါ။ နောက်ပြီး လူတံတိုင်းကိုမြင်တော့ ကန်တင်ပေးဖို့က အဓိပ္ပာယ်မရှိတော့ဘူး။ ဒါကြောင့် ကျွန်တော် တစ်ခါတည်း ကန်လိုက်ရတာကို ဝမ်းသာပါတယ်။ အဲ့ဒါက မှော်ဆန်တဲ့ခံစားချက်ပါပဲ။” လို့ ရိုက်စ်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပထမ ဖရီးကစ်ဂိုးကြောင့် ‌ယုံကြည်မှုရခဲ့ကြောင်းနဲ့ ပတ်သက်ပြီး “ပထမဂိုးကနေ ယုံကြည်မှုရခဲ့ပါတယ်။ ဘားတန်းပေါ်ကျော်သွားရင်လည်း ကိစ္စမရှိပါဘူး။ဒီည ကျွန်တော် ဘာတွေ လုပ်ခဲ့လဲဆိုတာ ကျွန်တော့်ကို ထိခိုက်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါဟာ သမိုင်းဝင် ညတစ်ညဖြစ်ပြီး ရီးယဲလ်မက်ဒရစ်ကို နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲကို အနိုင်ရချင်ပါတယ်။ ဒါပေမယ့် တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်သွားရမှာပါ။” လို့လည်း ဆိုသွားခဲ့ပါတယ်။

Exit mobile version