MySport Myanmar

မိသားစုဝင်တွေကို မလေးစားသလို ဖြစ်သွားနိုင်တာမို့ အောင်ပွဲမခံခဲ့တာလို့ ဒက်ကလန်ရိုက်စ် ရှင်းလင်း

မနေ့ညက အိုင်ယာလန်နိုင်ငံ ဒဗ်ဗလင်မှာ ကျင်းပခဲ့တဲ့ အိုင်ယာလန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်မှာ အင်္ဂလန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က သူ့မိသားစုဝင်တွေအပေါ် မလေးစားရာ ရောက်မှာစိုးလို့ အောင်ပွဲမခံခဲ့တာလို့ ဖြေရှင်းသွားခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့်လည်း သူရဲ့အဖိုးအဖွားတွေက အိုင်းရစ်လူမျိုးတွေ ဖြစ်သလို ရိုက်စ်ကိုယ်တိုင်ကလည်း အိုင်ယာလန် ယူ-၁၇ ယူ-၁၉ ယူ-၂၁နဲ့ လက်ရွေးစင်အသင်းတွေအတွက်ပါ ပါဝင်ကစားပေးခဲ့ဖူးပါသေးတယ်။

Photo Credit : SPORTbible

ရိုက်စ်ဟာ အိုင်ယာလန် လက်ရွေးစင်အသင်းအတွက် (၃)ပွဲအထိ ပါဝင်ကစားခဲ့ဖူးပေမယ့် ၂၀၁၉မှာတော့ အင်္ဂလန်အတွက် ကစားပေးဖို့ကိုသာ ဆုံးဖြတ်ခဲ့ပါတယ်။ အခု အိုင်ယာလန်အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာတော့ သူနဲ့ သူ့လိုပဲ အိုင်ယာလန်အသင်းအတွက် ကစားပေးခဲ့ဖူးတဲ့ ဂျက် ဂရီးလစ်ရှ်နဲ့က အိုင်ယာလန်ဘက်က ဂိုးတွေ သွင်းယူခဲ့ပါတယ်။

ရိုက်စ်က အင်္ဂလန်အတွက် အဖွင့်ဂိုး သွင်းယူပြီး အောင်ပွဲမခံခဲ့တဲ့အပေါ် “အောင်ပွဲခံလိုက်မယ်ဆိုရင် တကယ်ကို မလေးစားရာ ရောက်သွားလိမ့်မယ်။ ကျွန်တော့် အဖွား ကျွန်တော့် အဘိုးနဲ့ ကျွန်တော့် အဖေဘက်က မိသားစုဝင် အားလုံးက အိုင်းရစ်လူမျိုးတွေ ဖြစ်ပြီးတော့ သူတို့တွေက ကွယ်လွန်သွားခဲ့ကြပါပြီ။”

Photo Credit : Sky Sports

“သူတို့တွေက ဒီမှာ မရှိကြတော့ပါဘူး။ ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော် ဂိုးသွင်းပြီး အောင်ပွဲမခံချင်ပါဘူး။ ကျွန်တော် အိုင်ယာလန်အတွက် ကစားပေးခဲ့ရင်းနဲ့ အံ့သြစရာ အချိန်တွေ ရှိခဲ့ရပါတယ်။ ယူ-၁၉ ယူ-၂၁နဲ့ လက်ရွေးစင် အသင်းတွေအတွက်ပါ ကစားခဲ့ရပါတယ်။ ဒီအသင်းတွေနဲ့အတူ အမှတ်တရကောင်းတွေလည်း အများကြီး ရှိခဲ့တယ်။”

“ဒီတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော့်မှာ အိုင်ယာလန်နဲ့ ပတ်သက်ပြီး မကောင်းပြောစရာစကား မရှိပါဘူး။ အားလုံး အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။” လို့ ရိုက်စ်က ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version