MySport Myanmar

အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်ရတာက ဂုဏ်ယူစရာပဲလို့ ဆိုလိုက်တဲ့ ဒက်ကလန်ရိုက်စ်

အာဆင်နယ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က လာမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အတွက် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

အသင်းဟောင်း ဝက်စ်ဟမ်းမှာ ပါဝင်ခဲ့စဉ်တုန်းက ဝက်စ်ဟမ်း အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ရင်း အသင်းကို ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာအောင် အကောင်းဆုံး မောင်းနှင်ပေးနိုင်ခဲ့ပါတယ်။ အခု ရိုက်စ်က အင်္ဂလန်ရဲ့ အမြဲတမ်း အသင်းခေါင်းဆောင် မဖြစ်သေးပေမယ့်လည်း ဟယ်ရီကိန်း ဝေါ်ကာတို့ မပါဝင်နိုင်ချိန်မှာ အသင်းကို ဦးဆောင်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Eurosport

“ကျွန်တော့်ကို တစ်လျှောက်လုံးမှာ အကူအညီပေးခဲ့ကြတဲ့ လူတိုင်းကို ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်မှာ အကောင်းဆုံး အသင်းခေါင်းဆောင်တွေလည်း အများကြီး ရှိခဲ့တယ်။ ပထမဆုံးဆိုရင်တော့ မက်ခ်နိုဘယ်ပါ။ သူက ကျွန်တော့်ကို စာပို့ပြီး ဂုဏ်ပြုထားသလို ဒီပွဲကိုလည်း သူကိုယ်တိုင် လာကြည့်လိမ့်မယ်လို့ ထင်ပါတယ်။”

“ဒီလိုလူတွေဆီကနေ ကစားသမားတစ်ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ ခေါင်းဆောင်မှု တာဝန်တွေကို အများကြီး သင်ယူခဲ့ရပါတယ်။ အင်္ဂလန်ရောက်တော့လည်း ဟယ်ရီကိန်း ဟန်ဒါဆင်တို့ဆီကနေ ထပ်မံ သင်ယူခဲ့ရပါတယ်။ ဒီလို ကစားသမားတွေဆီကနေ နည်းနည်းချင်းစီ သင်ယူခဲ့ရတယ်။”

Photo Credit : The Sun

“အဲ့ဒီကနေ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဖြစ်လာတော့လည်း ကျွန်တော် ယုံကြည်မှုတွေ တိုးလာသလို အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့လည်း ပိုပြီး တိုးတက်လာခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဆက်လက်ပြီး သင်ယူရဦးမယ်လို့ ကိုယ့်ကိုကိုယ် ထင်နေတုန်းပါပဲ။ အခု အာဆင်နယ်အသင်းမှာလည်း မာတင် အိုဒီဂတ် ရှိနေပါတယ်။”

“ကျွန်တော် အဲ့ဒါကို မတွေးထားချင်ပေမယ့်လည်း သူသာ တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင်တော့ အာဆင်နယ်အသင်းအတွက် အသင်းခေါင်းဆောင် လက်ပတ်ကို ကျွန်တော် ဝတ်ဆင်ချင်ပါတယ်။ ကျွန်တော်က အသင်းကို ဦးဆောင်ရတာနဲ့ အသင်းခေါင်းဆောင် ဖြစ်ရတာကို နှစ်သက်ပါတယ်။ ဒါက တကယ့်ကို ဂုဏ်ယူစရာပါ။” လို့ ဒက်ကလန်ရိုက်စ်က ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version