အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒက်ကလန် ရိုက်စ်က သူတို့ အာဆင်နယ်အသင်းဟာ ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ အိမ်ရှင် ရီးယဲလ် မက်ဒရစ်အသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်ဆိုတာကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကွာတားဖိုင်နယ် ပထမအကျော့မှာ (3-0) နဲ့ အသာစီးရထားတဲ့ အာဆင်နယ်ဟာ အဝေးကွင်းရဲ့ ဖိအားပေးမှုကြားထဲက (1-2)နဲ့ အနိုင်ရရှိခဲ့ပြီး စုစုပေါင်း (1-5)နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဂန်းနား ကွင်းလယ်လူ ရိုက်စ်ဟာ ပထမအကျော့မှာလည်း အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို ဒီပွဲမှာလည်း ထပ်မံရရှိခဲ့ပြီး အသင်းကို ကလပ်သမိုင်းမှာ မှတ်တိုင်စိုက်ထူနိုင်တဲ့ ရလဒ်တစ်ခုကို ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Punch Newspaper

ဥရောပပြိုင်ပွဲတွေမှာ အံ့အားသင့်ဖွယ် comebacks တွေနဲ့ နာမည်ကြီးတဲ့ ရီးယဲလ်ရဲ့ ဂုဏ်သတင်းရှိပေမယ့် အာဆင်နယ်ကစားသမားတွေဟာ ယုံကြည်မှုနဲ့ ရည်ရွယ်ချက်အပြည့်နဲ့ ဒုတိယအကျော့ပွဲကို ဝင်ရောက်ခဲ့ပါတယ်။ ပွဲအပြီးမှာ ရိုက်စ်က အသင်းရဲ့ ယုံကြည်မှုဟာ ဘာနေဗျူးရဲ့ ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကြားမှာတောင် မယိမ်းယိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ ပွဲအပြီး အင်တာဗျူးမှာ ရိုက်စ်က “ဒီညဟာ ဒီကလပ်အတွက် တကယ်ထူးခြားတဲ့ ညတစ်ညပါ။ ဒီကလပ်အတွက် သမိုင်းဝင်တဲ့ ညတစ်ညပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ ရည်မှန်းချက်တစ်ခုရှိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးအသင်းတွေနဲ့ ကစားချင်ပြီး ဒီပြိုင်ပွဲကို အနိုင်ရချင်ပါတယ်။ သူတို့ ပြန်လာနိုင်တယ်ဆိုတဲ့ အကြောင်းတွေ အများကြီး ပြောနေကြတာကို ဒီကို ရောက်လာတော့ သိခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ အရင်က အဲဒီလို အကြိမ်များစွာ လုပ်ခဲ့ဖူးလို့ပါ။”

Photo Credit : FotMob

“ဒါပေမယ့် ကျွန်တော်တို့ ပထမအကျော့ကနေ ယုံကြည်မှုနဲ့ သတ္တိအများကြီး ရခဲ့လို့ ဒီကိုလာပြီး ပွဲကို အနိုင်ရဖို့ လုံလောက်တယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော်တို့ ဒုက္ခရောက်မယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရမယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ လုပ်နိုင်ခဲ့ပြီး အခု တကယ်တမ်းလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒီကလပ်အတွက် ဘယ်လောက်ကောင်းတဲ့ ညတစ်ညလဲ။” လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ နှစ်ပေါင်း(၂၀)ကျော် ပရီးမီးယားလိဂ်ဖလားကို မရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ သူတို့ရဲ့ ခြေစွမ်းက ဆုဖလားကို တောင့်တနေတဲ့ ပရိသတ်တွေအတွက် မျှော်လင့်ချက်အသစ်တွေကို နှိုးဆွပေးခဲ့ပါတယ်။

ရိုက်စ်က “ဒီကလပ်ကို ကျွန်တော် မရောက်ခင်ကတည်းက ကျွန်တော်တို့ တိုးတက်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာကို ခံစားမိပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ ကစားသမားတွေနဲ့အတူ အဲဒီလို ခံစားခဲ့ရပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်မှာ ခက်ခဲခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်မှတ်အကွာနဲ့ လွဲချော်ခဲ့ပြီး ဒီနှစ်မှာလည်း ကျွန်တော်တို့ လက်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာတော့ ကျွန်တော်တို့ အံ့သြစရာကောင်းလောက်အောင် ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒီကလပ်ဟာ နောက်လာမယ့် နှစ်အနည်းငယ်အတွင်း ထူးခြားတဲ့ အရာတွေကို လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ အားလုံး အဲဒါကို အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီမန်နေဂျာကို အပြည့်အဝ ယုံကြည်ပါတယ်။ သူက မယုံနိုင်လောက်အောင် ကောင်းမွန်ပြီး မိုင်းလ်စ် လူးဝစ် စကယ်လီနဲ့ အီသန် နွန်နရီလို ကစားသမားတွေလည်း တက်လာနေပြီး သူတို့ တကယ်လိုချင်နေကြပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။