MySport Myanmar

ဂျော်ဂျင်ဟိုကြောင့် ချယ်လ်ဆီးထက် မန်ယူဆီသာ ပြောင်းရွှေ့ချင်နေတဲ့ ဒီကလန်ရိုက်စ်

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတွေထဲက တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းရဲ့ မရှိမဖြစ် ကွင်းလယ်လူလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖြစ်ရင် သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်း ၊ တည်ငြိမ်မှု ၊ မာကျောမှုတို့ကြောင့်ပဲ ပရီးမီးယားလိဂ် အသင်းကြီးနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က သူ့ကို ခေါ်ယူဖို့ အထူးတလည် စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Daily Mail

ဒီကလန်ရိုက်စ်ဟာ ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် အသင်းကြီးဆီ ဝင်ရောက်ခွင့် မရခဲ့တာကြောင့် ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဝက်စ်ဟမ်းဆီ ရောက်ရှိတဲ့ အချိန်မှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ဖော် ပြသနိုင်ခဲ့သူပါ။

ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသလို အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ အသင်းကနေ ထွက်ခွာဖို့ တာစူနေပြီး ဝက်စ်ဟမ်းကလည်း ပြောင်းရွှေ့ကြေး ပေါင်၈၀သန်းနဲ့ အထက် ရရင် ဒီကလန်ရိုက်စ်ကို ရောင်းချဖို့ အဆင်သင့် ရှိနေပါတယ်။

Photo Credit: Daily Mail

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးဟာ ဒီကလန်ရိုက်စ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဒီကလန်ရိုက်စ်ဘက်က ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သူ ဂျော်ဂျင်ဟို ရှိနေတဲ့ ချယ်လ်ဆီးထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆန်မြူရယ် လက်ဂ်ဟက်က ဆိုပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ သတင်းထောက်ချုပ် လက်ဂ်ဟက်ရဲ့ အဆိုအရ ဒီကလန်ရိုက်စ်ဟာ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်ရာမှာ အဓိက ကစားသမား တဦး အဖြစ် ကစားခွင့် ရမယ့် အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးမှာ ဂျော်ဂျင်ဟို ၊ ကန်တီတို့လို ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမားတွေ ရှိနေတာကြောင့် ကွင်းလယ်ခံစစ် ကစားသမား လိုအပ်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

Exit mobile version