ဖီအိုရင်တီးနားအသင်းရဲ့ တောင်ပံ ကစားသမား ရီဘယ်ရီဟာ ပါးမားအသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ် ပြီးနောက် အိမ်ပြန်ရောက်တဲ့ အချိန်မှာ အိမ်ဖောက်ခံခဲ့ရတာကို သိသွားခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများ များစွာ အခိုးခံလိုက်ရတယ်လို့ တရားဝင် စာနဲ့ ထုတ်ပြန်သွားလိုက်တာ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား ရီဘယ်ရီဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်သွားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ နွေရာသီမှာ ဖီအိုရင်တီးနားအသင်းကို အလွတ်နဲ့ ပြောင်းရွေ့သွားခဲ့ပြီး ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေ ပွဲစဉ် (၁၅) ပွဲ ကစားထားရာမှာ သွင်းဂိုး (၃) ဂိုး သွင်းယူထားပြီ ဖြစ်ပါတယ်။

 

Photo Credit: Goal

 

ပြင်သစ် လက်ရွေးစင် ကစားသမားဟောင်း ရီဘယ်ရီဟာ တနင်္ဂနွေနေ့ညက ပါးမားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ကစားလာခဲ့တာ ဖြစ်ပြီး (၂-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ အိမ်ကို ပြန်ရောက်သွားတဲ့ အချိန်မှာ တန်ဖိုးကြီး ပစ္စည်းများ များစွာ ဆုံးရှုံးခဲ့ရပါတယ်။ အသက် (၃၇) နှစ်အရွယ် ရီဘယ်ရီဟာ ပါးမားအသင်းနဲ့ ကစားနေစဉ်အတွင်းမှာ သူခိုးတွေက သူ့ရဲ့ အိမ်ကို ဖောက်ပြီး “Rolex နာရီ (၂) ခု၊ လက်ကောက်ဝတ် (၁) ခု၊ ရွှေလက်ဝတ်ရတနာ အမျိုးမျိုး နဲ့ နာမည်ကျော် Branded အိတ် (၁၀) ခု”တို့ကို လူမမိအောင် ခိုးယူသွားခဲ့ကြပါတယ်။

Photo Credit: Goal

 

ရီဘယ်ရီရဲ့ ဇနီး နဲ့ ကလေးတွေဟာ အိမ်ဖောက်ထွင်ခံရတဲ့ အချိန်မှာ အိမ်မှာ ရှိမနေခဲ့ကြဘဲ မြူးနစ်မြို့မှာ ရှိနေခဲ့တာကြောင့် ဘာမှ ထိခိုက်ထားခြင်း မရှိတာ ဖြစ်ပြီး တောင်ပံ ကစားသမား ရီဘယ်ရီကတော့ သူ့ရဲ့ အိမ်ကို ဗီဒီယိုနဲ့ ရိုက်ပြီး လှုမှုကွန်ရပ်ပေါ်မှာ တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ တွစ်တာမှာ ရီဘယ်ရီက “ပါးမားအသင်းကို အနိုင်ရတော့ ကျွန်တော် အိမ်ကို ပြန်သွားခဲ့တယ်။ ဒါတွေက ကျွန်တော် ရလိုက်တဲ့ အရာတွေပါပဲ။ ဒီတော့ ကျွန်တော့်ရဲ့ ဇနီးအိတ် အနည်းငယ် အခိုးခံရတယ်။ အချို့ လက်ဝတ်ရတနာပါသွားတယ်။ ကျွန်တော့်ရဲ့ ဇနီး နဲ့ ကလေးတွေက မြူးနစ်မြို့မှာ လုံခြုံနေကြတော့ ကျွန်တော် ဘုရားကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်ကို ဘယ်လို ယုံရတော့မလဲ။ နောက်ပြီး ကျွန်တော်တို့ လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာ ဖြစ်ပါတယ်”လို့ စာနဲ့ ရေးသား ထုတ်ပြန်သွားခဲ့ပါတယ်။