MySport Myanmar

ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူး ဆိုတဲ့ ရုရှား

ROME, ITALY - FEBRUARY 27: Stefan Radu and Mattia Zaccagni of SS Lazio wears a 'Stop the war' T-shirts referring to Russia's invasion of the Ukraine as they arrive to warm-up prior toduring the Serie A match between SS Lazio and SSC Napoli at Stadio Olimpico on February 27, 2022 in Rome, Italy. (Photo by Marco Rosi - SS Lazio/Getty Images)

ရုရှားနိုင်ငံရဲ့ ဘောလုံးရေးရာ အဖွဲ့အစည်း တခု ဖြစ်တဲ့ Russia Football Union (RFU) ကတော့ ယမန်နေ့ညမှာပဲ ရုရှားလက်ရွေးစင်အသင်းနဲ့ ရုရှားကလပ်တွေကို ဥရောပပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAတို့ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ကြောင်း တုံ့ပြန် ကြေညာသွားခဲ့ပါတယ်။

ဥရောပတိုက်ရဲ့ စစ်အင်အား အကြီးမားဆုံးနိုင်ငံ ဖြစ်တဲ့ ရုရှားဟာ သူတို့ရဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံ အပေါ် အကြောင်းအရင်း မယ်မယ်ရရ မရှိပဲ ကျူးကျော်စစ် ဆင်နွှဲနေတာ ဖြစ်ပြီး အဆိုပါ ကျူးကျော်စစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီး ၊ အလွှာအသီးသီးက ပစ်ပယ်ခြင်းကို ရုရှားနိုင်ငံသူ ၊ နိုင်ငံသားတွေ ခံစားနေရပါတယ်။

Photo Credit: Standard

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAတို့ကလည်း အဆိုပါ ကျူးကျော်စစ်ကြောင့်ပဲ ရုရှားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်တာ ၊ ရုရှားအခြေစိုက် ဘောလုံးအသင်းတွေကို ဥရောပပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်တာတွေကို ယမန်နေ့ညမှာပဲ တရားဝင် ကြေညာချက် တရပ်နဲ့အတူ လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရုရှားနိုင်ငံရဲ့ လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေ ပါဝင်တဲ့ အဖွဲ့အစည်း တခု ဖြစ်တဲ့ RFUက ဖီဖာနဲ့ UEFAတို့ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း တုံ့ပြန်ခဲ့တာ ဖြစ်ပြီး ဖီဖာနဲ့ UEFAဟာ အပြည်ပြည်ဆိုင်ရာ အားကစားစည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့လည်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

Photo Credit: Standard

RFUက – “နိုင်ငံတကာ အားကစားဆိုင်ရာ ဥပဒေအရ RFUအနေနဲ့ ဖီဖာ ၊ UEFAတို့က ချမှတ်ခဲ့တဲ့ ရုရှားအသင်းနဲ့ ရုရှားကလပ်တွေဟာ နိုင်ငံတကာပြိုင်ပွဲတွေကို အကန့်အသတ် မရှိ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို လုံးဝ သဘောမတူပါဘူး။ ဒီဆုံးဖြတ်ချက်က နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီသလို အားကစားစိတ်ဓာတ်ကိုလည်း ရိုက်ချိုးပစ်ရာ ကျပါတယ်။ ဒီဆုံးဖြတ်ချက်မှာ ခွဲခြား ဆက်ဆံမှုတွေ ပါဝင်နေတယ်လို့လည်း ယုံကြည်ပါတယ်။ ပြီးတော့ ဒီဆုံးဖြတ်ချက်က ရုရှားနိုင်ငံရဲ့ အားကစားသမားတွေ ၊ နည်းပြတွေ ၊ ဝန်ထမ်းတွေ ၊ သန်းနဲ့ချီတဲ့ ရုရှားပြည်သူတွေနဲ့ နိုင်ငံတကာပွဲတွေကို စောင့်ကြည့်နေကြတဲ့ ဘောလုံးပရိသတ်တွေကို ထိခိုက် နစ်နာစေပါတယ်။ ဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေက အားကစားနယ်ပယ်မှာ မရှိသင့်တော့ပါဘူး။ အားကစားနယ်ပယ် ဆိုတာ နိုင်ငံရေးနဲ့ မပတ်သတ်ရပါဘူး” လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version