MySport Myanmar

ကစားသမားအင်အား တောင့်တင်းဖို့အတွက် စတာလင်ရော ဒမ်ဘီလီပါ အလိုရှိနေတဲ့ ချယ်လ်ဆီး

မကြာခင်မှာ အသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူ အင်တာမီလန်အသင်းဆီ ပြန်လည်ပို့ဆောင်တော့မယ့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်သွားဖို့အတွက် အသင်းရဲ့ အဓိက ပစ်မှတ်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ရာဟင်စတာလင်နဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီတို့ကို အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အလိုရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Evening Standard

လက်ရှိမှာ ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်ဖြစ်သူ အမေရိကန်သူဌေးကြီး တော့ဘိုလေက စူပါအေးဂျင့် ဂျော့မန်ဒက်စ်နဲ့ပါ တွေ့ဆုံထားပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စူပါစတား ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးခဲ့သလို အသင်းရဲ့ ယာယီ အားကစား ဒါရိုက်တာကိုလည်း စတာလင် ဒမ်ဘီလီတို့ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံညှိနှိုင်းကြဖို့ ညွှန်ကြားထားပါတယ်။ ချယ်လ်ဆီးဟာ လက်ရှိမှာ အသင်းရဲ့ တိုက်စစ်မှူး လူကာကူရဲ့ အပြောင်းအရွှေ့ကိုသာ လုပ်ဆောင်နေပြီး ကစားသမားသစ် ခေါ်ယူထားခြင်း မရှိသေးပဲလည်း မကြာခင်မှာ အသင်းနည်းပြ တူဟယ်လ် အလိုရှိနေတဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင်ဖို့ အသင်းပိုင်ရှင်သစ်က အလျင်အမြန် ဆောင်ရွှက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Barca Universal

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သူရဲ့တပည့်ဟောင်း ဒမ်ဘီလီနဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမား စတာလင်တို့က သူ့အသင်းမှာ အံ့ဝင်ခွင်ကျ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့အတွက် ဒီကစားသမားနှစ်ဦးလုံးကို အလိုရှိနေတာ ဖြစ်သလို အသင်းကနေလည်း လူကာကူအပြင် မော်ရိုကို ကစားသမား ဇီယာ့ရှ်ပါ ထွက်ခွာနိုင်တဲ့ အခြေအနေမျိုး ရှိနေတဲ့အတွက် စတာလင်ရော ဒမ်ဘီလီပါ အရခေါ်ယူသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ပြင်သစ်ကစားသမား ဒမ်ဘီလီကတော့ လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရက်ပိုင်းလေးသာ ကျန်ရှိနေတော့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းဆီ free transfer နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ရော ဘာစီလိုနာနဲ့ပဲ စာချုပ်သစ် ထပ်မံချုပ်ဆိုသွားဖို့ နီးစပ်နေပြီလို့ပါ သတင်းထွက်နေရပါတယ်။ တကယ်လို့ ဘာစီလိုနာနဲ့သာ လမ်းခွဲခဲ့မယ်ဆိုရင်တော့ ချယ်လ်ဆီးအနေနဲ့ ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ တစ်နှစ်သက်တမ်း ကျန်ရှိနေသေးတဲ့ စတာလင်ကိုတော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၅၀)လောက်နဲ့ ကမ်းလှမ်းရနိုင်ဖွယ် ရှိနေပြီး ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ စတာလင်ကို ဒမ်ဘီလီထက် ပိုမို ဦးစားပေး ကမ်းလှမ်းဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version