ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်း အနာဂတ် အခြေအနေ အလှုပ်ခတ်ဆုံးသော ကစားသမားတစ်ဦး ဖြစ်နေတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ကပ် ချယ်လ်ဆီးလည်း ပါဝင်နေခဲ့သလို ချယ်လ်ဆီးပိုင်ရှင် ဘိုလီကလည်း ရော်နယ်လ်ဒိုကို လိုချင်ခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကတော့ ရော်နယ်လ်ဒိုကို အသင်းဆီ ခေါ်ယူဖို့ လက်မခံခဲ့တာကြောင့် အပြောင်းအရွှေ့က ပေါ်ပေါက်မလာခဲ့ရတာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
ရော်နယ်လ်ဒိုလို GOAT ကစားသမားကြီးတစ်ဦးကို မလိုချင်တဲ့ ကလပ်အသင်းမျိုးဆိုတာ မရှိနိုင်လောက်ပေမယ့် သူရဲ့လုပ်ခလစာ မြင့်မားလွန်းမှုနဲ့ အသင်းအပေါ် တခြားသက်ရောက်မှုတွေကြောင့်သာ ခေါ်ယူဖို့ ခက်ခဲနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုရဲ့ salary က်ို နိုင်နိုင်နင်းနင်း ပေးချေနိုင်မယ့် အသင်းတွေထဲမှာ တစ်သင်း အပါအဝင်ဖြစ်တဲ့ ချယ်လ်ဆီးကတော့ အသင်းပိုင်ရှင်ကိုယ်တိုင်ကပါ ရော်နယ်လ်ဒိုကို ခေါ်ယူပြီး အသင်းတိုက်စစ်ကို အကောင်းဆုံး တည်ဆောက်ချင်နေပေမယ့် အသင်းနည်းပြ တူဟယ်လ်ကတော့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဆန္ဒမရှိသလို ဒီလို မခေါ်ယူချင်ရခြင်း အကြောင်းအရင်းကလည်း တူဟယ်လ်ရဲ့ ဆရာတစ်ဦးလည်းဖြစ် ယူနိုက်တက်ရဲ့ ယာယီနည်းပြဟောင်းလည်းဖြစ်တဲ့ ရန်းနစ်ရဲ့ အကြံပေးမှုကြောင့် ဖြစ်တယ်လို့ The Times ကနေ ဖော်ပြလာပါတယ်။
Photo Credit : Daily Mail
ဂျာမနီလူမျိုး နည်းစနစ်ပိုင်း အထူးကျွမ်းကျင်မှုရှိသူ နည်းပြကြီး ရန်းနစ်ဟာ ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ ရာသီဝက်ခန့်က ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ်တုန်းက ရော်နယ်လ်ဒိုနဲ့ လက်တွဲခဲ့ရဖူးပြီး ရော်နယ်လ်ဒိုရဲ့ pressing စွမ်းဆောင်ရည်အပေါ် ပြစ်တင်ဝေဖန်မှုတွေပါ လုပ်ဆောင်ထားခဲ့ပါတယ်။ ရန်းနစ်က သူ ယူနိုက်တက်ကို ယာယီ ကိုင်နေစဉ်အတွင်းမှာ ရော်နယ်လ်ဒိုရဲ့ လုပ်ရည်ကိုင်ရည်တွေအပေါ် ဝေဖန်စရာ မရှိပေမယ့် ရော်နယ်လ်ဒို pressing သေချာ လုပ်ဆောင်နိုင်တဲ့ ကစားသမား မဟုတ်ကြောင်းနဲ့ သူ အသက်ငယ်ရွယ်စဉ်ကတောင် အသင်းအတွက် pressing ကစားတတ်သူ မဟုတ်ဘူးလို့ ထောက်ပြ ပြောဆိုထားခဲ့ပါတယ်။ အခုလည်း ရော်နယ်လ်ဒိုဟာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက်မှာလည်း ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာသာ အသင်းအတွက် ပွဲထွက်ကစားခဲ့ရတာဖြစ်ပြီး ဘရိုက်တန် လီဗာပူးလ်နဲ့ ဆောက်သမ်တန်အသင်းတွေနဲ့ ပွဲစဉ်တွေမှာတော့ ဒုတိယပိုင်း ပွဲချိန်တွေမှသာ ပါဝင်ခွင့် ရထားခဲ့ပါတယ်။ နည်းပြတန်ဟက်ဂ်ကိုယ်တိုင်ကတော့ ရော်နယ်လ်ဒိုဟာ သူရဲ့ plan ထဲမှာ ပါဝင်နေတဲ့ အရေးပါသော ကစားသမားတစ်ဦးလို့ ပြောဆိုထားခဲ့ပေမယ့် ပွဲစဉ်(၃)ပွဲအထိ အရန်စာရင်းမှာသာ ထည့်သွင်းထားခဲ့သလို ရော်နယ်လ်ဒိုရဲ့အေးဂျင့် ဟိုဂေမန်ဒက်စ်ကပါ အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်မှာ သူ့ကစားသမားရဲ့ အသင်းအပြောင်းအလဲ ဖြစ်လာဖို့အတွက် အသေအချာ လုပ်ဆောင်လျက် ရှိနေတာကြောင့် summer transfer deadline day ရဲ့ နောက်ဆုံးအချိန်တွေအထိ ရော်နယ်လ်ဒို အနာဂတ်ကို ဆက်လက် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။