ဂျာမနီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ဟန်ဆီဖလစ်ဟာ လာမယ့် စက်တင်ဘာလဆန်းပိုင်းအတွင်း ယှဉ်ပြိုင်ကစားသွားရမယ့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် အသင်းရဲ့ လူစာရင်းကို ထုတ်ပြန်လာခဲ့ရာ ယူရို-၂၀၂ဝပြိုင်ပွဲကို လွဲချော်ထားခဲ့ရတဲ့ ဒေါ့မွန်အသင်းရဲ့ ထိပ်တန်းကစားသမား မာကိုရွိုက်စ်အပါအဝင် လက်ရွေးစင်အသင်းအတွက် လုံးဝမကစားဖူးသေးတဲ့ ကစားသမား(၄)ယောက်ကို ထည့်သွင်းရွေးချယ်သွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၂)နှစ်အရွှယ်ရှိ ဂျာမနီ ကွင်းလယ်တိုက်စစ်ကစားသမား မာကိုရွိုက်စ်ဟာ ဂျာမနီအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၄)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရွိုက်စ်ဟာ ဒေါ့မွန်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်သလို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်းဖြစ်တာကြောင့် တစ်ရာသီအတွင်း ပွဲစဉ်များစွာကို ဆင်နွဲထားခဲ့ရလို့ ပင်ပန်းနွမ်းနွယ်နေတဲ့ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မယ့် ဂျာမနီလူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျာမနီနည်းပြသစ် ဖလစ်က အသင်းအတွက် မာကိုရွိုက်စ်ကို ပြန်လည်ရွေးချယ်ခဲ့တဲ့အပြင် အသင်းအတွက် မကစားဖူးသေးတဲ့ ကစားသမား(၄)ယောက်ကိုပါ ထည့်သွင်းလာခဲ့ပါတယ်။

Photo Credit : Twitter

ဂျာမနီအသင်းဟာ လာမယ့် စက်တင်ဘာလထဲမှာ လက်ချင်စတိန်း အာမေနီးယား အိုက်စလန်အသင်းတွေ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ပွဲစဉ်တွေအဖြစ် ဆက်တိုက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ဂျာမနီနည်းပြဖလစ်က အသင်းအတွက် ကစားသမားတွေကို ရွေးချယ်မှု ပြုလုပ်လာခဲ့ရာ မာကိုရွိုက်စ် ပြန်လည်ပါဝင်လာခဲ့ပြီး ဟော်ဖန်ဟင်မ် နောက်ခံကစားသမား ဒါးဗစ်ဟမ်း ဖရိုင်းဘတ်အသင်းရဲ့ ဗဟိုနောက်ခံလူ နီကိုးရှလော့တာဘတ်ခ် လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖလိုရီယန်ဝစ်ဇ်နဲ့ ဆာလ်ဇ်ဘာ့ဂ်တိုက်စစ်မှူး ကာရင်အဒီရီမီတို့လို စီနီယာအသင်းအတွက် တစ်ပွဲတစ်လေမှ မကစားဖူးသေးတဲ့ ကစားသမားတွေကိုပါ ရွေးချယ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ (၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် (၃)ပွဲ ယှဉ်ပြိုင်ခဲ့ထားပြီဖြစ်ကာ ရိုမေးနီးယားနဲ့ အိုက်စလန်ကို အနိုင်ရထားခဲ့ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မြောက်မက်ဆီဒိုးနီးယားအသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ထားလို့ အုပ်စုရဲ့ တတိယနေရာမှာ (၆)မှတ်နဲ့ ရပ်တည်နေရပါတယ်။