MySport Myanmar

မိုရာတာ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာဖို့ အလွန်နီးစပ်နေလို့ သတင်းထွက်ပေါ်

စပိန်လာလီဂါ ထိပ်သီးကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ကစားနေတဲ့ စပိန်တိုက်စစ်ကစားသမား အဲလ်ဗာရိုမိုရာတာဟာ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းနဲ့ အငှားသက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အလွန်နီးစပ်နေပြီလို့ စပိန်သတင်းစာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မိုရာတာဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ချယ်လ်ဆီးနဲ့လည်း ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသလို လက်ရှိမှာလည်း ဂျုဗင်တပ်စ်အသင်းနဲ့ စီးရီးအေမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ လက်ရှိမှာတော့ မိုရာတာဟာ ဂျုဗင်တပ်စ်အသင်းနဲ့ (၂)ရာသီ အငှားစာချုပ်က ပြည့်မြောက်သွားခဲ့ပြီဖြစ်လို့ သူ့ကို အငှားခေါ်ယူခဲ့စဉ်တုန်းက ယူရိုသန်း(၃၀)နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကို စာချုပ်ထဲမှာ ထည့်သွင်းထားခဲ့ပေမယ့် ဂျုဗင်တပ်စ်ဘက်က အဲ့ဒီပမာဏအတိုင်း ကမ်းလှမ်းသွားဖွယ် မရှိတာကြောင့် အသက်လက်တီကိုအသင်းဆီသာ ပြန်သွားရမယ့် အခြေအနေ ရှိနေရပါတယ်။

Photo Credit : Juvefc

ဒီလိုအခြေအနေမှာ အာဆင်နယ်အသင်းက မိုရာတာကို ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ခေါ်ယူသွားဖို့ ကြ်ုးပမ်းလာခဲ့ရာ အခုဆိုရင် ခေါ်ယူနိုင်ဖို့ အလွန်ကို နီးစပ်နေပြီလို့ Sport သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီရယ်ဂျေဇူး အဲဗာတန်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်တို့ကို ပစ်မှတ်ထားနေခဲ့ပေမယ့် ဒီကစားသမားတွေထက် ပြောင်းရွှေ့ကြေးပိုင်းမှာ စျေးသက်သာနိုင်တဲ့ မိုရာတာကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ရာ အဆင်ပြေနိုင်ဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိုရာတာက သူရဲ့ကစားသမားဘဝတလျှောက်မှာ သွင်းဂိုးတွေလှိုင်လှိုင် သွင်းယူနိုင်တဲ့ တိုက်စစ်မှူးအဖြစ် မရပ်တည်နိုင်ခဲ့ပဲ ဘောလုံးရာသီ တစ်ရာသီအတွင်း သူသွင်းယူခဲ့ဖူးတဲ့ လိဂ်သွင်းဂိုး အရေအတွက်က (၁၅)ဂိုးကိုသာ အများဆုံးအဖြစ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အာဆင်နယ်ပရိသတ်များစွာက မိုရာတာကို မခေါ်ယူချင်စေပဲ တခြားသော ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်ကစားသမားတွေကိုသာ ခေါ်ယူစေချင်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကတော့ မိုရာတာကို အရင်ခေါ်ယူပြီး နောက်ထပ် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကိုပါ ထပ်မံခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Exit mobile version