MySport Myanmar

ရီနာတိုဆန်းချက်စ်ကို အရခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေပြီဖြစ်တဲ့ အေစီမီလန်

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အီတလီစီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အေစီမီလန်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ပိုမိုတောင့်တင်းတဲ့ ကစားသမားအင်အားမျိုး ရရှိနေစဖို့အတွက် လိုင်လီအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ခေါ်ယူသွားနိုင်တော့မယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Italia

မီလန်အသင်းဟာ အသင်းရဲ့ အမာခံ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို အသင်းကနေ ဘာစီလိုနာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားရတော့မှာဖြစ်လို့ သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် ကွင်းလယ်လူတစ်ဦးကို ရှာဖွေနေရာ လိုင်လီကွင်းလယ်လူ ဆန်းချက်စ်ကို ခေါ်ယူသွားဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မီလန်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက ဆန်းချက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာပါ ထပ်မံကြိုးပမ်းလာခဲ့ရာ သဘောတူညီမှု ရယူနိုင်ဖို့ အလွန်နီးစပ်လာခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : BeSoccer

အသက်(၂၄)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ဆန်းချက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပြခဲ့ရင်း ကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရသလို အသင်းအပြောင်းအရွှေ့လည်း ဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိခဲ့ရပေမယ့်လည်း တကယ်တမ်းမှာ အသင်းမပြောင်းခဲ့ရပဲ လိုင်လီမှာပဲ ဆက်လက်ရှိနေရတာ ဖြစ်ပါတယ်။ ဆန်းချက်စ်ကို ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း အေစီမီလန် ဘာစီလိုနာ မန်ချက်စတာယူနိုက်တက် အာဆင်နယ် ဝုလ်ဗ်အသင်းတွေ အပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြသလို ဘာစီလိုနာနဲ့ ဝုလ်ဗ်အသင်းတွေဆီကိုပါ ရောက်ရှိလုနီးပါးထိ ဖြစ်ခဲ့ရပေမယ့် လိုင်လီအသင်းမှာသာ ဆက်လက်ရှိခဲ့ရပြီး တစ်ရာသီလုံးမှာလည်း လိုင်လီအတွက် ပွဲပေါင်း(၃၂)ထိ ပါဝင်ခဲ့ရပါတယ်။ လက်ရှိမှာ ဆန်းချက်စ်ဟာ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ဆန်းချက်စ်ကိုယ်တိုင်ကလည်း လိုင်လီနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် အခုနွေမှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေသလို လိုင်လီကလည်း ဆန်းချက်စ်အတွက် ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ ရရှိသွားနိုင်ဖို့ နွေစျေးကွက်ကတည်းကမှာ မဖြစ်မနေ ရောင်းထုတ်သွားရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို မီလန်အသင်းက အခွင့်အရေး ယူနိုင်ဖို့ ကြိုးပမ်းနေရာ လက်ရှိမှာ အောင်မြင်နိုင်တော့မယ်လို့ Semperinter ကနေ ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version