MySport Myanmar

မိုရာတာကို ခေါ်ယူလို့ မရခဲ့ရင် မာစီယဲလ်ကိုပါ ပစ်မှတ်ထားလာနိုင်တဲ့ ဂျုဗင်တပ်စ်

အီတလီစီးရီးအေရဲ့ ထိပ်တန်းကလပ်အသင်းကြီးဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းဟာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အဲလ်ဗာရိုမိုရာတာကို အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေပေမယ့် တကယ်လို့ ဒီကြိုးပမ်းမှုက မအောင်မြင်နိုင်ခဲ့ဘူးဆိုရင် ချယ်လ်ဆီးတိုက်စစ်မှူး တီမိုဗာနာအပြင် မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကိုပါ ပစ်မှတ်ထားလာနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Goal

ကစားသမားဟောင်းဖြစ်သူ ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ဝါရင့်တောင်ပံကစားသမားကြီး အန်ဂယ်ဒီမာရီယာနဲ့ နောက်ခံလူ ဂလယ်ဆွန်ဘရေမာတို့ကို ခေါ်ယူအားဖြည်ထားခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် ဆက်လက် ဖြည့်တင်းသွားချင်နေပြီး အသက်လက်တီကိုကနေ နှစ်ရာသီ အငှားနဲ့ ခေါ်ယူထားခဲ့ဖူးတဲ့ မိုရာတာကို အပြီးသတ် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုရာတာကို ခေါ်ယူဖို့က အဆင်မပြေနိုင်သေးသလို ဖြစ်နေရပြီး ပေါ်လိုဒီဘားလားလို ကစားသမားမျိုးကိုလည်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ထားရတာဖြစ်လို့ တိုက်စစ်ပိုင်းအတွက် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဗာနာနဲ့ မာစီယဲလ်တို့ကို ပစ်မှတ်ထားလာဖွယ် ရှိနေရပါတယ်။

Photo Credit : Sports Illustrated

လက်ရှိမှာတော့ ဂျာမနီ တိုက်စစ်ကစားသမား ဗာနာက ချယ်လ်ဆီးမှာ အနာဂတ် မသေချာသလို ဖြစ်နေတယ်ဆိုပေမယ့် မန်ယူနိုက်တက် တိုက်စစ်မှူး မာစီယဲလ်ကတော့ ဒီဈေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာရဖို့ထက် အသင်းမှာသာ ဆက်လက်ရှိနေမယ့် အခြေအနေမျိုး ဖြစ်နေရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆောင်းဈေးကွက်အတွင်းမှာ ဆီဗီလာအသင်းဆီကို အငှားချခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ကို မန်ယူနိုက်တက်ဘက်က နွေဈေးကွက် စဖွင့်ချိန်တုန်းကပဲ အသင်းကနေ ရောင်းချသွားဖို့ ဆန္ဒရှိခဲ့ပေမယ့် လက်ရှိမှာ ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အနာဂတ် မတည်ငြိမ်မှုကြောင့်ရော ရာသီကြို ခြေစမ်းပွဲစဉ်တွေအတွင်း ဂိုးမြူးနေတာကြောင့် မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ကိုယ်တိုင် မာစီယဲလ်ကို အသင်းမှာသာ ဆက်လက် ထားရှိချင်လာခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့ ရော်နယ်လ်ဒိုကိုသာ လက်လွတ်ရမယ်ဆိုရင် မာစီယဲလ်ကို အသင်းမှာပဲ ဆက်ထားမယ့်အပြင် နောက်ထပ် တိုက်စစ်ကစားသမားသစ် တစ်ဦးကိုပါ ခေါ်ယူဖွယ် ရှိနေသလို ရော်နယ်လ်ဒို ဆက်ရှိနေမယ်ဆိုရင်လည်း မာစီယဲလ်နဲ့ အလှည့်ကျ အသုံးပြုဖွယ်ရှိနေလို့ ဂျုဗင်တပ်စ်အနေနဲ့ မာစီယဲလ်ကို ခေါ်ယူဖို့ထက် ချယ်လ်ဆီးကနေ ထွက်ခွာချင်နေတဲ့ ဗာနာကိုသာ ပိုမို ဦးစားပေး ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

Exit mobile version